မဲခေါင်၊ စက်တင်ဘာ ၂၇
ရှမ်းတောင်၊ အင်းလေးဒေသက ကျေးရွာအများအပြား ရေဘေးဒဏ်ကြောင့် အကူအညီတွေ လိုအပ်နေဆဲလို့ သိရပါတယ်။
မနေ့ စက်တင်ဘာ ၂၆ မှာရရှိတဲ့ ဒေသခံတွေ ပေးပို့တဲ့စာရင်းအရ အကူအညီလိုအပ်နေပြီး အလှူရှင် ရောက်သူနည်းသေးတဲ့ ရေဘေးသင့် ကျေးရွာတွေက အိမ်ခြေ ၃၀၀၀ ကျော်ရှိနေတယ်လို့သိရပါတယ်။
“လာလှူတာတွေရှိပေမယ့် အချို့ရွာတွေဆို လုံးဝ အကူအပံ့မရသေးပါဘူး၊ တချို့ကျတော့လဲ အနဲအပါးပဲရှိသေးတယ်၊ ဒါတောင်ရွာကုန် ရပ်ကုန် မဟုတ်သေးပါဘူးနော်၊ ရွာများစွာ ကျန်နေပါသေးတယ်” လို့ လူမှုကူညီနေသူတစ်ဦးက ပြောပါတယ်။
အလှူရှင်ကူသူတွေ သိနိုင်ဖို့ စာရင်းမှာ စည်ပင်သာရွာ – ၃၀၊ရွာသစ် – ၁၀၀ ကျော်၊ ချောင်းကန့်ရွာ – ၁၀၀ ကျော်၊ တုံးလည်တောင်ပို့ကြီး အိုးစားရွာ – ၂၀၀ ကျော်၊ ရေ တန်းရွာ – ၃၀၀ ကျော်၊ ဇရပ်ကြီးရွာ – ၃၀၀ ကျော်၊ ဇီးပင်ကုန်း – ၁၁၀၊ မန်ကျည်းပင် – ၆၀၊ တောင်ပို့နီ – ၈၀၊ တောင်တို – ၁၂၀၊ ကန်ခေါင်း – ၂၂၀၊ ဟက်ပုံး + အုန်းစည်း + ဆီဆုံ + ပေါက်တော + ကမ်းလမ်း + မန်ကျည်းဆိပ် – ၂၀၀၊ အင်းပေါခုံ + ရွာသစ် ၃ -၂၅၀၊ ရွာကြီးကုန်း – ၂၀၀၊ ရွာကြီးတောင် အထက်ပိုင်း ၂ ရပ်ကွက် – ၃၇၂၊ လယ်သစ်အောက် – ၁၄၁၊ လယ်သစ်တောင် – ၁၃၀၊ သပြေပင် ၃ + ၄ ရပ်ကွက် – ၁၅၅ တို့ဖြစ်ပါတယ်။
“သူတို့ရိက္ခာက အစ အဝတ်အစား ဆေးဝါး စောင် အားလုံး လိုနေကြတာ၊ သူတို့အတွက်က ပြေးစရာ မြေမရှိ ရေပြင်ကြီးဆိုတော့ အားလုံးလိုလို ဆုံးရှူံးကုန်ကြရတာ” လို့ အောင်ပန်းနာရေးကူညီအသင်းက အင်းလေးရေဘေးသင့်ရွာအချို့ကို သွားရောက်ကူညီခဲ့သူ တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
အင်းလေး မှာ ရွာပေါင်း ၄၄၅ ရွာရှိပြီး ရေရွာ၊ ရေတစ်ဝက်ကုန်းတစ်ဝက်နဲ့ ကုန်းရွာတွေဆိုပြီးရှိရာမှာ စံကားလို ကုန်းရွာတွေပါ ရေနစ်မြုပ်မှု ဆိုးရွားစွာ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
MK-012
















