မဲခေါင်၊ စက်တင်ဘာ ၂၇
ကရင်နီပြည်နယ်နဲ့ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ လှိုင်ဂူ စစ်ရှောင်စခန်းမှာ ခုချိန်ထိ ရေတွေရှိနေပြီး သောက်ရေသန့်၊ ခြင်ထောင်တွေနဲ့ တခြား ကျန်းမာရေးပိုင်းဆိုင်ရာ ဆေးဝါးတွေလိုအပ်နေတယ်လို့ ရေဘေးစစ်ရှောင် ပြည်သူတွေဆီက သိရပါတယ်။
လှိုင်ဂူစစ်ရှောင်စခန်းမှာ အိမ်ခြေ ၄၂ စုရှိပြီး လူဦးရေ ၁၆၀ ကျော်နေထိုင်ကာ ကလေး အယောက် ၄၀ လောက်ပါဝင်ကာ ထပ်ရွေ့ပြောင်းစရာ နေရာမရှိတော့ဘူးလို့ သိရပါတယ်။
“ရွေ့စရာနေရာက ရှိကိုမရှိတော့တာ၊ ဘေးနားမှာ ကုန်းအစပ်နေရာလေးရှိတယ်။ အယ့်မှာပဲ အကုန်စုပြီးနေနေကြတာပေါ့။ ခုက ယားနာတွေကြောင့် ဆေးတအားလိုအပ်နေပါတယ်။ ခြင်ကလဲတအားကိုက်ပြီး ရေကလည်း ရေသေလိုဖြစ်နေတော့ နံတယ်” စစ်ရှောင်တစ်ဦးက ပြောပါတယ်။
လှိုင်ဂူစခန်းက ချိုင့်ခွက်လိုနေရာမျိုးမှာတည်ရှိနေတဲ့အတွက် ရေတွေဝင်ရောက်နေပြီး ရေထွက်ပေါက်က ကျဥ်းမြောင်းလို့ နေအိမ်တွေထဲ ရေဝင်ရောက်နေတာကြောင့် ကျန်းမာရေးပိုင်းဆိုင်ရာမှာ လိုအပ်နေတာဖြစ်ပါတယ်။
“ရေကလဲ သူတို့လို အိမ်အပြည့်မနင်းဖြတ်ရဘဲ ရေနည်းနည်းပဲထိတာတောင် ယားပြီးပြန်လာရတယ်။ သူတို့အတွက် လည်ရှည်ဖိနပ်၊ ယားနာပျောက်ဆေးတွေလည်း အလှူငွေရသလောက်နဲ့ သွားကူမလို့လုပ်ထားတယ်။နည်းတော့ နည်းနေသေးတယ် “လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ မစန္ဒီက ပြောပါတယ်။
ရေဝင်ရောက်မှုတွေကို ဖောက်ထုတ်ဖို့အတွက် လမ်းရှိပေမယ့် ရိုးရာအရ ဖောက်ထုတ်ခွင့်မပြုဘူးဆိုတဲ့အတွက် မိုးရာသီအကုန်အထိအခုလိုပဲ နေထိုင်သွားကြရမှာဖြစ်တယ်လို့ သိရပါတယ်။
CJ-004















