မဲခေါင်၊ စက်တင်ဘာ ၂၆
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ စံကားအင်းကျေးရွာအုပ်စုမှာ အလှူရှင် လာရောက်သူ နည်းနေပြီး ဒေသခံတွေက ဆန်ပြုတ်နဲ့ သောက်နေရတယ်လို့ စုံစမ်းသိရပါတယ်။
အင်းလေးဒေသမှာ စံကားကျေးရွာအုပ်ဟာ ရေကြီးရေလျှံမှု အဆိုးဆုံး ကြုံတွေ့နေရတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် အလှူရှင်လာရောက်သူ နည်းပါးနေတာပဲ ဖြစ်တယ်။
“မြောက်ပိုင်းက ဘယ်လာနိုင်မလဲ။ ကားလမ်းမှမရတာ။ စက်လှေနဲ့ကြလည်း သိန်းဂဏန်းလေ။ တစ်ခါလာလှူကြရင် ၂ ရက်လောက်တော့ စားရတယ်။ ကြက်ဥဆို တစ်ခြမ်းပဲ စားတယ်။ ဆန်ပြတ်သောက်တယ်” လို့ လုံကန်ကျေးရွာခံ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အင်းလေးကန်ပတ်လမ်း အရှေ့လမ်းနဲ့ အနောက်လမ်း ၂ လမ်းလုံး နစ်မြုပ်နေတာကြောင့် ဖယ်ခုံမြို့ခံ လူငယ်တွေကသာ ရေလမ်းကြောင်းက လာရောက် အကူအညီပေးနေပြီး တခြားဒေသတွေက အလှုရှင်တွေ မရှိသေးဘူးလို့ ဆိုပါတယ်။
အင်းလေးဒေသမှာ ကျေးရွာပေါင်း ၄၃၆ ရွာထဲက ၁၇၁ ရွာအထိ ရေမြုပ်နေပြီး အဲဒီထဲမှာ စံကားအင်းကျေးရွာက ၁၀ ရွာနီးပါးအထိ ပါဝင်ပြီး ကျေးရွာတွေထဲရှိ အိမ်အားလုံး နစ်မြုပ်နေတာကြောင့် အချင်းချင်း မကူညီနိုင်တဲ့ အနေအထားလည်း ဖြစ်နေတယ်လို့ သိရပါတယ်။
စံကားအင်းဒေသထဲက ကျောက်တန်း၊ သာယာကုန်း၊ ညောင်ပင်သာ၊ မြို့ဟောင်း၊ လုံကန် စတဲ့ကျေးရွာတွေမှာ အိမ်ခြေအားလုံး နစ်မြုပ်နေတာကြောင့် အချင်းချင်းလည်း ကူညီလို့မရတဲ့ အနေအထားဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပိုက်ဆံရှိရင်တောင် ဘာမှဝယ်လို့မရဘူး။ ရောင်းသူ/ ဝယ်သူမရှိ။ ဖုန်းလိုင်းမရနဲ့။ ဘဏ်ထဲကဟာတွေလည်း ဘာမှလုပ်လို့ မရဘူး” လို့ စကားအင်း ဒေသခံတစ်ဦးက မှတ်ချက်ပေးပါတယ်။
စံကားအင်းဒေသမှာ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းရောဂါလည်း ဖြစ်ပွားနေကြပြီး အလှူရှင်တွေအနေနဲ့ ဆေး၊ ရေသန့်၊ မီးသွေးခဲတွေ လှူစေချင်တယ်လို့ ဆိုပါတယ်။
အင်းလေးကန်ဟာ မြောက်ဘက်ကနေ တောင်ဘက်ကို စီးဆင်းတာကြောင့် တောင်ဘက်အစွန်ဆုံးမှာရှိတဲ့ စံကားအင်းဒေသဟာ အဆိုးဆုံးအခြေအနေ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။
MK-014










