မဲခေါင်၊ စက်တင်ဘာ ၂၃
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်မူကျေးရွာ အနောက်ဘက်မှာ တောင်ကျရေ တိုက်စားမှုကြောင့် လမ်းတွေ ပျက်စီးနေပြီး သွားလာလို့ မရသေးဘူးလို့ ရွာခံတွေက ပြောပါတယ်။
တီကျစ်မြို့အနောက်ဘက်၊ နောင်မူကျေးရွာက လမ်းတွေမှာ ရေကြီးရေလျှံမှု နောက်ဆက်တွဲအနေနဲ့ တောင်ပြိုတာ၊ လမ်းပျက်စီးတာ၊ နှုန်းမြေတင် ကျန်ခဲ့တာတွေကြောင့် သွားရေးလာရေး ခက်ခဲနေတာပဲ ဖြစ်ပါတယ်။
“ဒီမှာက အရမ်းခေါင်တော့ အလှူရှင်မရောက်ဘူး။ အခုက ကား၊ ဆိုင်ကယ် ဘာတခုမှ သွားလို့မရသေးတော့ ခြေလျှင်ပဲ။ တောင်ပြိုတာတွေက လူအားနဲ့ ရှင်းလို့မရဘူး။ Backhoe တွေနဲ့ တူးရမှာ။ အခုရက်ပိုင်း မိုးပြန်ရွာတော့ ရွံပြန်ဖြစ်သွားတာ” လို့ နောင်မူဒေသခံ တစ်ဦးက ပြောပါတယ်။
နောင်မူကျေးရွာမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲမှုကြောင့် အလှူရှင် နည်းပါးနေပြီး ဆန်တစ်ပြည်၊ ဆီတစ်ဘူး ဝယ်ဖို့အတွက် မိုင် ၂၀ ခန့် လမ်းလျှောက်နေရတယ်လို့ ဆိုပါတယ်။
အလားတူ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တစ်ကြောက ကျေးရွာတွေမှာလည်း ရေကြီး တောင်ပြိုမှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီး ကျေးရွာအချင်းချင်းလည်း သွားလာလို့မရ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဲနယ်တောင်ပေါ်က ဗန်းစောက်၊ ထမ်းအယ်၊ စငေါ၊ လုံးကွင်း၊ ကျေက္ကချား၊ ဗန်းကွန်၊ တလျနိုး၊ နောင်စုံ၊ ပင်ခက်၊ ပင်ကလာ စတဲ့ကျေးရွာတွေမှာ သွားရေးလာရေး ခက်ခဲနေပြီး အခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် ရေအနည်းပြန်တက်လာတဲ့ ကျေးရွာတွေလည်း ရှိတယ်လို့ သိရပါတယ်။
“ဒီလာမယ့် တစ်ပတ်လောက် မိုးမရွာရင် လမ်းက ခြောက်လောက်ပါပြီ။ ရွာလမ်းတွေက မိုးတွင်းတိုင်း ပျက်တယ်။ အခုက ရေကြီးတော့ ပိုဆိုးသွားတာ” လို့ ဗန်းစောက်ရွာခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ ရေကြီးရေလျှံဖြစ်နေတဲ့ ပအိုဝ်းဒေသတွေမှာ ပအိုဝ်းပြည်သူ့စစ်(PNA)နဲ့ စစ်ကောင်စီတို့က တစ်စုံတစ်ရာ ကူညီဆောင်ရွက်နေတာမျိုး မတွေ့ရသေးပါဘူး။
ရေကြီးတောင်ပြိုဖြစ်နေတဲ့ ပအိုဝ်းဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံတွေကသာ ပူးပေါင်းဆောင်ရွက်နေပြီး ငွေကြေးအင်အား နည်းပါးလွန်းတာကြောင့် အလှူရှင်တွေကို စောင့်မျှော်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
MK-014













