မဲခေါင်၊ စက်တင်ဘာ ၁၇
အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ – NDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ စက်တင်ဘာ ၆ ရက်နေ့က မိုးရွာရေကြီးပြီးနောက် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။
စက်တာဘာလ ၉ ရက်နေ့ကနေစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်မရသေးဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ဒီမှာက ရေကြီးပြီး ၉ ရက်ကနေစပြီး ဖုန်းလိုင်းတွေရော၊ ဝိုင်ဖိုင်တွေရော၊ အင်တာနက်လိုင်းတွေရောပျက်တာ။ ဒီနေ့နဲ့ဆိုရင် ၈ ရက်လောက်ရှိပြီလိုင်းမရတာ။ ဝိုင်ဖိုင်ကတော့ နောက်အပတ်ထဲ ပြန်ရလောက်ပြီလို့တော့ကြားတယ် ဖုန်းလိုင်းကတော့ ဘယ်ချိန်ပြန်ရမယ်မှန်းမသိသေးဘူး” လို့ သူမကပြောပါတယ်။
မိုင်းလားမြို့မှာ မြန်မာအော်ပရေတာတွေဖြစ်တဲ့ MPT,ATOM နဲ့ ဝိုင်ဖိုင်လိုင်းတွေ ကျနေတာကြောင့် လူထုတွေအနေနဲ့ တရုတ် Wifi ကိုသာ အသုံးပြုနေရတယ်လို့ဒေသခံတွေကပြောပါတယ်။
“ဒီမှာက မြန်မာလိုင်းတွေပျက်နေတာ စပျက်တဲ့နေ့ကတည်းက ဒီမှာ တရုတ်ဝိုင်ဖိုင်(wifi)ပဲသုံးလို့ရတာ” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
မိုင်းလားမြို့မှာ ပုံမှန်အားဖြင့် မြန်မာအော်ပရေတာတွေဖြစ်တဲ့ MPT နဲ့ ATOM ကိုအသုံးပြုလို့ရတာဖြစ်ပြီး တရုတ်ဖုန်းကတ်နဲ့တရုတ်ဝိုင်ဖိုင်(wifi) တွေကိုလည်း အသုံးပြုကြပါတယ်။
မိုင်းလားမြို့မှာ ရက်ရှည် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြိုတွင်းရေကြီးရေလျှံမှုတွေဖြစ်ပြီး စပါးခင်းနဲ့ နေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်။
လက်ရှိအချိန်အထိ ရှမ်းပြည်မြောက်ပိုင်း”ဝ” ဒေသက ပန်ဆန်း၊ မိုင်းပေါက်မြို့၊ ရှမ်းပြည်တောင်ပိုင်းက လွိင်လင်၊ လင်းခေး၊ မိုးနဲ၊ နမ့်စန်၊ ရွှေညောင်၊ မိုင်းကိုင်၊ ပင်လုံ၊ လဲချား၊ ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းပျဉ်း၊ မိုင်းဆတ်၊ မိုင်းတဲ့ အစရှိတဲ့မြိုတွေမှာလည်း ရေကြီးရေလျှံမှုတွေကြောင့် ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။
MK – 016








