မဲခေါင်၊ စက်တင်ဘာ ၁၆
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ဘီလူးချောင်းရေ မြင့်တက်လာတာကြောင့် မြို့ပေါ်ရပ်ကွက်တွေထဲ ရေဝင်ရောက်နေပြီး ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၁၁ ရက်စပြီး မိုးအဆက်မပြတ်ရွာသွန်းမှုအပြင် ဖယ်ခုံအင်းနဲ့ မိုးဗြဲရေကာတာ ဖွင့်ချမှုကြောင့် ဘီလူးချောင်းအတွင်း ရေစုပြုံ ဝင်ရောက်သလိုဖြစ်ပြီး ချောင်းနဘေးက ရပ်ကွက်တွေနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေမြုပ်တာတွေရှိတယ်လို့ သိရပါတယ်။
” ဘီလူးချောင်းက လွိုင်ကော်မြို့တလျှောက်လုံးကို ဖြတ်စီးတာဖြစ်တဲ့အတွက် ချောင်းနံဘေးက ရပ်ကွက် တော်တော်များများ ရေမြုပ်တယ်။ ရေကြီးတယ်။ ပြီးတော့ လွိုင်ကော်မြို့ထဲက လမ်းမကြီးတွေကိုလည်း ရေရောက်တယ်။ ဘီလူးချောင်းနဲ့ တဆက်တည်းရှိတဲ့ ချောင်းတွေ မြောင်းတွေလည်း ရေနစ်မြုပ်တာတွေရှိတယ်သိရတယ်။ အသေးစိတ်တော့မသိသေးဘူး “လို့ စစ်ရှောင်နေတဲ့ ဒေသခံတဦးက ပြောပါတယ်။
လွိုင်ကော်မြို့ရဲ့ ရေကြီးတဲ့နေရာအချို့မှာ စစ်ကောင်စီတပ်တွေ ရှိနေတဲ့အပြင် ဖုန်းလိုင်းနဲ့ အင်တာနက်အခက်အခဲကြောင့် ရေကြီးမှု ဖြစ်စဥ်အသေးစိတ်နဲ့ ပျက်စီးဆုံးရှုံးမှု၊ ပြည်သူထိခိုက်မှုတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။
နမ့်ကွတ်ရပ်ကွက်၊ မင်းစုရပ်ကွက်၊ ရှမ်းပိုင်း၊ ဒေါနိုကူး၊ ဒေါဥခူ၊ ဒေါတမ၊ ရွှေတောင်ချောင်းအစပ် ရပ်ကွက်တွေမှာ ရေနစ်မြုပ်တာတွေရှိကာ ရေထပ်တိုးမြင့်လာတဲ့ရပ်ကွက်တွေလည်း ရှိပေမယ့် အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လွိုင်ကော်မြို့က ကျေးရွာ ၃ ရွာနဲ့ စစ်ရှောင်စခန်းတို့မှာ ရေလွှမ်းမိုးနေပြီး လယ်ယာစပါးစိုက်ခင်း ဧက ၃၀၀၀ ကျော် ရေလွှမ်းမိုးခံရလို့ ပျက်စီးသွားခဲ့တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ ဒေသခံ
CJ-004
















