မဲခေါင်၊ စက်တင်ဘာ ၁၆
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လာမယ့် တန်ဆောင်တိုင်ပွဲအတွက် စစ်ကောင်စီက ဟိုတယ်လုပ်ငန်းရှင်တွေဆီကနေ အလှူငွေ ကြိုကောက်နေပြီလို့ ဟိုတယ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မီးဆရာ၊ ယမ်းဆရာတွေနဲ့ ဟိုတယ်လုပ်ငန်းရှင်နဲ့ မန်နေဂျာတွေကို ပြီးခဲတဲ့အပတ် မင်းအောင်လှိုင်လာတုန်းက အစည်းအဝေး ခေါ်ယူပြီး ဒီနေ့ (စက်တင်ဘာ ၁၆) နောက်ဆုံးထား ထည့်ဝင်ကြဖို့ မှာကြားသွားတယ်လို့ ဟိုတယ်အမည်မဖော်လိုတဲ့ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
“မအလ(မင်းအောင်လှိုင်)လာတုန်းက မှာထားတာပါ။ ဒီကောင်တွေ တော်တော်ရက်စက်တာပဲ။ ရေဘေးလည်း ဖြစ်နေတယ်။ သီတင်းကျွတ်တောင် မရောက်သေးဘူး။ တန်ဆောင်တိုင်က ကြိုပြင်နေပြီ။ ဟိုတယ် အားလုံးထည့်ကြတယ်။ ကြောက်တာကိုး”လို့ သူကပြောပါတယ်။
ဟိုတယ်အကြီး သိန်း ၁၄၀၊ ဟိုတယ် အလတ်နဲ့ အသေး သိန်း ၇၀၊ မိုတယ်နဲ့ တည်းခိုခန်း ၄ သိန်းနဲ့ အထက် စတဲ့ နှုန်းထားတွေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို ထည့်ဝင်ကြရပြီး စိန်နားပန် တစ်လုံးနဲ့ ညမီးကြီး တစ်လုံးကိုတော့ စစ်ကောင်စီက အိတ်စိုက်ထုတ်မယ်လို့ သိရပါတယ်။
“ဟုတ်တယ်လေ။ မီးပုံးပျံဆရာ ခေါင်းဖြူကြီးတွေနဲ့ GM တွေခေါ်ပြီး ပြောတာ။ အစည်းအဝေးဆိုတာထက် မဖြစ်မနေ လုပ်ရမယ်လို့ ဖိအားပေးတာပါ။ သူဖြစ်ချင်တာတွေပဲ အကုန်ပြောသွားတာ” လို့ ဟိုတယ် အမည်မဖော်လိုတဲ့ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း စစ်ကောင်စီက တန်ဆောင်တိုင်မီးပုံးပျံပွဲကို ကျင်းပဖို့ တစ်ပတ်လောက် အလိုမှ အရေးပေါ် စီစဉ်ခဲ့ပြီး လူစည်ကားစေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ပအိုဝ်းကျေးရွာတွေမှာ တစ်အိမ်တစ်ယောက် မလိုက်မနေရ ဖိအားပေးခေါ်ယူခဲ့ဖူးပါတယ်။
စစ်ကောင်စီဖက်က အခုလို တန်ဆောင်တိုင် ပွဲတော်ကျင်းပဖို့ အရေးပေါ် စီစဉ်နေပေမယ့် ပွဲတော်ကျင်းပမယ့်ရက်နဲ့ အစီစဉ်တွေကိုတော့ တရားဝင်ချပြတာမျိုး မရှိသေးပါဘူး။
MK-014












