မဲခေါင်၊ စက်တင်ဘာ ၁၃
တာချီလိတ်မြို့တွင်း ရေအနည်းငယ်ပြန်ကျသွားပေမယ့် သွားလာရေးခက်ခဲနေပြီး ထိုင်းက ကုန်စည်ဝင်ရောက်မှုရပ်တန့်လို့ အခြေခံစားသောက်ကုန်ဈေးနှုန်း ၂ဆနီးပါးလောက်ဈေးတက်နေတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့ ချစ်ကြည်ရေးတံတား အမှတ် ၂ ပါလျံဘက်ခြမ်းမှာ ကုန်ဈေးနှုန်းတက်နေတဲ့အပြင် လျှပ်စစ်မီးလိုင်းတွေပြတ်တောက်နေတာ ၃ရက်ခန့်ရှိပြီဖြစ်ပြီး ဖုန်းလိုင်း၊ အင်တာနက်တွေလည်း ပြတ်တောက်နေတယ်လို့ ရန်အောင်မြေရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။
“မနက်က ပါလျံဈေးသွားတာ ခရမ်းချဉ်သီး တစ်ကီလို (၈၀)ဘတ်ဖြစ်သွားပြီ အရင်က (၄၀)ဘဲ ။ ဒါတောင် အသားတွေ၊ ငါးတွေ ရောင်းတဲ့သူမရှိတော့ဘူး။ ဟင်းသီးဟင်းရွက်တောင် ဈေးတက်နေပြီ”လို့ သူက ပြောပါတယ်။
မြို့အတွင်း မိုးရွာသွန်းမှုမရှိတော့ပေမယ့် မယ်ဆိုင်ချောင်းရေကျဆင်းခြင်းမရှိတဲ့အတွက် မြို့တွင်း သွားလာရခက်ခဲနေပြီး အနောက်မြို့ပတ်လမ်း (ဈ)ရပ်ကွက်ဘက်ကနေ ပတ်သွားနေရသလို မြို့တွင်း လမ်းတွေမှာ ဆိုင်ကယ်၊ ကား အသုံးပြုလို့ မရသေးဘူးလို့သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာကြောင့် လွယ်တော်ခမ်းသွားလမ်းတစ်လျှောက်က ချောင်းကမ်းပါးပေါ်ဆောက်လုပ်ထားတဲ့ နေအိမ်တွေ အကုန်နီးပါး ချောင်းရနဲ့မျောပါသွားပြီး လူထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မြို့ထဲပိုင်းက မီးလာတယ် ဖုန်းလိုင်းတွေမိတယ်၊ မယ်ဆိုင်တံတားကတော့ လူတွေသွားလို့ရတယ်ပြောတယ်။ ထိုင်းဘက်လဲ ရေကြီးတာ အတော်ထိသွားတယ် သူတို့ဘက်က ရဟတ်ယာဉ်တွေ ဆက်တိုက်လာပြီး ကယ်ဆယ်ရေးတွေ ထောက်ပံ့ရေးတွေလုပ်ပေးနေတယ်၊ တာချီလိတ်တော့ ကိုယ်ထူကိုယ်ထ နုန်းတွေဆယ်ပြီး လမ်းတွေရှင်းနေကြတယ်”လို့ တာချီလိတ် ဒေသခံ တစ်ဦးက ပြောပါတယ်။
အမှတ်(၂)တံတားအလွန် မြို့ပတ်လမ်းအနီး လူ ၂ ဦး ရေထဲမျောပါလာတဲ့ ရေခဲသတ္တောလိုက်လံဆယ်ယူရင် ချောင်းအလယ်က ညောင်ပင်အပေါ်တင်နေတာ ၃ ရက်ခန့်ရှိနေပြီး ဒီနေ့မှာတော့ ကယ်ဆယ်ရေးတွေ ကယ်ဆယ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
မိုးသည်းထန်ပြီး ချောင်းရေတွေမြှင့်တက်မှုကြောင့် မယ်ယန်းချောင်းကူးတံတားမှာ ယာဉ်တွေဖြတ်ကျော်နိုင်ခြင်းမရှိသလို မိုင်းဖုန်းသွားလမ်းက ဦးထွန်းအောင်တံတားမှာလဲ ရေတိုက်စားပြီး ကားတွေယာဉ်တွေ ဖြတ်သန်းလို့မရဘူးလို့သိရပါတယ်။ မယယန်းချောင်းအနီး ဆောက်ထားတဲ့ ဘန်ဂလိုအိမ်တွေ အလုံးလိုက် ရေထဲမျှောပါလာတယ်လို့လည်း သိရပါတယ်။
MK-002


















