မဲခေါင်၊ စက်တင်ဘာ ၁၂
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ပကဖများဆီ ဆက်သွယ်ပြီး သြဂုတ်လ ၁ လအတွင်း စစ်ကောင်စီရဲ့ အရာရှိအဆင့် ဒုဗိုလ်မှူးကြီး (၃) ဦး၊ ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၂) ဦး၊ ဗိုလ် (၃) ဦး အပါအဝင် တပ်သားနဲ့ရဲ (၄၁) ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ပြီး ပြည်သူ့ဘက်ကူးပြောင်းခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ အဲ့ဒီ (၄၁) ဦးထဲမှ လက်နက်ယူဆောင်လာသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများ ယူဆောင်လာတဲ့ လက်နက်မျိုးစုံ (၁၉) လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြောင်း NUG က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ရဲတွေ အနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်းထားပါတယ်။








