မဲခေါင်၊ စက်တင်ဘာ ၁၂
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီး – လွိုင်ကော် လမ်းတစ်လျှောက်မှာ ရေကြီးရေလျှံ ဖြစ်နေတာကြောင့် နေရပ်ပြန် စစ်ဘေးရှောင်ကားတွေ နောက်ပြန်လှည့်နေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ဒီနေ့ (စက်တင်ဘာ ၁၂) မနက်ပိုင်း တောင်ကြီးကနေထွက်လာတဲ့ ကားတွေကို စစ်ကောင်စီရဲ့ ဆီဆိုင်ဂိတ်က ဖွင့်ပေးပေမယ့် ဆက်သွားလို့ မရတော့တာကြောင့် ပြန်လှည့်ခဲ့ရတာလို့ ဆိုပါတယ်။
“ခွေးဘီလူးတွေ မရဘူး။ ရေကျော်နေတယ်။ ကားမြင့်တွေတော့ သွားနေကြတာ တွေ့တယ်။ ကုန်ပါရင် သွားဖို့အားမပေးဘူး။ အကုန်ရေစိုရင် ရှုံးမှာ”လို့ ဒီနေ့မနက်ပိုင်း လမ်းအခြေအနေ ကြုံတွေ့ခဲ့တဲ့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
တောင်ကြီး – ဟိုပုံးလမ်းတစ်လျှောက်၊ တောင်ကြီးအထွက်မှာကတည်းက ရေကြီးရေလျှံ ဖြစ်နေပြီး စက်သုံးဆီ အရောင်းဆိုင်တွေလည်း ပိတ်ထားကြတာကြောင့် လမ်းခရီးခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။
လတ်တလော တောင်ကြီး – လွိုင်ကော် သွားလာနိုင်တဲ့ တောင်ကြီး – ဆီဆိုင် – လွိုင်ကော်လမ်း၊ တောင်ကြီး – ကလော – လွိုင်ကော်လမ်း၊ တောင်ကြီး – ညောင်ရွှေ – လွိုင်ကော်လမ်း စတဲ့ ၃ လမ်းလုံးမှာ ရေကြီးနေတာ ဖြစ်ပြီး ဘယ်လမ်းမှ အဆင်မပြေနိုင်သေးဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“အရင်တုန်းက ပင်လောင်းဂိတ်တွေ၊ ဆီဆိုင်ဂိတ်တွေ ပိတ်လို့ ပြန်လှည့်ရတယ်။ အခုက သွားမရလို့ ပြန်လှည့်ရတယ်။ ဒီလိုကာလ ဆီအခက်အခဲကြောင့် ဂိတ်ပိတ်ရင်တောင် အိပ်စောင့်လို့ ရသေးတယ်။ ရေက ဘယ်သူစောင့်ရဲမလဲ။ ညအိပ်နေတုန်း တက်လာရင် သေပြီလေ” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းက တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ဖယ်ခုံ စတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံ ဖြစ်နေပြီး လူနေအိမ် ရာချီတဲ့အထိ ပျက်စီးနေသလို လူထိခိုက်သေဆုံးမှုတွေလည်း ကြုံနေရပေမယ့် စစ်ကောင်စီဘက်က ကယ်ဆယ်ရေး ထိထိရောက်ရောက် ဆောင်ရွက်ပေးနေတာမျိုး မတွေ့ရသေးပါဘူး။
အလားတူ ကရင်နီပြည်မှာလည်း နေရာများစုမှာ ရေကြီးရေလျှံ ဖြစ်ပေါ်နေပြီး မြို့နယ်အားလုံးပေါင်း လူအယောက် ၂၀ ကျော်သေဆုံးတာနဲ့အတူ အိမ်ခြေ ၅၀ နီးပါးခန့် ထိခိုက်ပျက်စီးနေတယ်လို့ ကနဦး သိရပါတယ်။
MK-014














