မဲခေါင်၊ စက်တင်ဘာ ၁၂
ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ်က ဒေသတွေမှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီး မြေပြိုတာတွေရှိနေပြီး လူသေဆုံးတာတွေလည်း ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ဖယ်ခုံမြို့က ဆီးဘူး-ခွီးတလုတ်သွားလမ်းမှာ တောင်ပြိုတာ၊ ကန်သာယာစစ်ရှောင်စခန်းအနီး မြေပြိုလို့ နေအိမ် ၂ လုံးပျက်စီးတာ၊ ဟိုဝမ်စစ်ရှောင်စခန်း တောင်ပြိုတဲ့အတွက် အိမ်၂ လုံး ဖျက်ပြီး ရွှေ့ပြောင်းရတာ၊ ခူးပရာရွာ တောင်ပြိုတဲ့အတွက် အိမ် ၁ လုံး ရွှေ့ပြောင်းရတာတွေ ရှိတယ်လို့ သိရပါတယ်။
“ဖယ်ခုံသိကျိတ်ရွာမှာ တောင်ကျရေကြောင့် မိန်းကလေးတဦး၊ လူငယ်တဦးနဲ့ အဘွားအိုတဦး သေဆုံးခဲ့ရပါတယ်။ အဘွားအိုက ဆေးရုံမှာဆုံးတာ၊ နေအိမ်လည်း ၂၅ လုံးလောက်ပျက်စီးသွားတယ်” လို့ ထွန်းမြန်မာဒိုနေးရှင်းမှ ကိုဖိုးဇော်က ပြောပါတယ်။
ဒါ့အပြင် ဒီးမော့ဆို အနောက်ဘက်ခြမ်းက ဒေါ့ဝယ်ခူးကျေးရွာအနီးမှာ တောင်ကျရေကြောင့် လယ်ဧကများစွာ ရေနစ်မြုပ်ပြီး လူသေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။
“တောင်ကျရေကြောင့် မြေပြိုတာ တံတားပျက်တာတွေရှိတယ်။မြေကြီးက လမ်းပေါ်မှာ လူတရပ်စာလောက်မြင့်တက်လာတယ်။ မိုးလည်း ရွာနေတုန်းပဲ။ သဘာဝ တံတားရဲ့ ကမ်းပါးနားကမြေကြီးတွေ တော်တော်ပြိုကုန်တယ်။ သွားလာလို့ ရ မရ တော့ မသိသေးဘူး”လို့ ဖရူဆိုအနောက်ခြမ်းက အမျိူးသမီးတဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ရာအေပရားအကျော်မှာ မြေပြိုပြီး တံတားပျက်စီးကာ လမ်းသွားလမ်းလာအခက်အခဲရှိနေပြီး မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် စပါးခင်း လယ်ခင်းများစွာ ရေနစ်မြုပ်ကုန်တာ၊ လိုဘာခိုရွာ လယ်တောစစ်ရှောင်စခန်းအနီးနားမှာ တောင်ပြိုတဲ့အတွက် စပါးခင်းတွေ ပျက်စီးကုန်တယ်လို့ သိရပါတယ်။
CJ-004














