မဲခေါင်၊ စက်တင်ဘာ ၁၁
စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ခံရပြီးတဲ့နောက် ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေ စိုးရိမ်နေကြလို့ စာသင်ကျောင်းတွေလည်း ပိတ်ထားရတာပါ။
“အခုကကျတော့ လေကြောင်းရန်ဆိုတော့ ဆက်ဖွင့်ဖို့မဖြစ်နိုင်ဘူးပေါ့နော်။ လေယာဥ်လာပြီဆိုတာနဲ့ တအားကြောက်ရတယ်လေနော်။ လေယာဥ်သံကြားရရင် ကလေးတွေကို စုစည်းလို့မရတော့ဘူး။ အဲ့ဒီတော့ ကျောင်းတွေကို ပိတ်ထားတယ်။ ဘယ်လောက်ကြာကြာပိတ်မလဲတော့ အခြေနေအရပေါ့နော်” လို့ ကရင်နီမှာ စာသင်နေတဲ့ ကျောင်းဆရာမ ပုန်ကန်နွယ်က ပြောပါတယ်။
စစ်ဘေးရှောင်ကလေးငယ်တွေဟာ အခက်အခဲကြားကနေ ပညာသင်ယူနေကြရပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဖွင့်လိုက်ပိတ်လိုက်လုပ်ကာ ပညာကို လေ့လာဆည်းပူးနေရတာပဲ ဖြစ်ပါတယ်။
“အရင်ကဆို စာသင်နေချိန်မှာ လေယာဥ်လာရင် စာသင်ရင်း တဝက်တပျက်နဲ့ ဗြုန်းကနဲ ပြေးရတာတွေရှိတာပေါ့နော်။ အခုကတော့ ကျောင်းပိတ်ထားပြီ။ လေယာဥ်လာရင် ကြောက်နေရတာမျိုးဆိုတော့လေ”လို့ အထက်တန်းကျောင်းသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ စစ်ဘေးရှောင်ပြည်သူများစွာ နေထိုင်ရာနေရာဖြစ်တဲ့ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၂ နှစ်အရွယ် ကလေးငယ်၊ ကျောင်းသားတွေ နဲ့ အမျိုးသမီးအပါအဝင် ၉ ဦးသေဆုံးခဲ့ရပါတယ်။
CJ-004










