မဲခေါင်၊ စက်တင်ဘာ ၆
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နောက်တစ်ကြိမ် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီးမောဆိုမြို့နယ်ကို စစ်ကောင်စီက ဩဂုတ် ၄ ရက်၊ ၅ ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် နန်းမယ်ခုံမြို့နဲ့ အိုကေ၊ သာယပ် စတဲ့ကျေးရွာတွေက နောက်တစ်ကြိမ် တိမ်းရှောင်နေရတာပါ။
“နန်းမယ်ခုံက လူတွေဆို ပြန်လာတာ ဘာမကြာသေးဘူး။ ထပ်ရှောင်ရပြီလေ။ မရှောင်လည်း မရဘူးကော။ လေယာဉ်လာရင် လူအိပ်ချိန်တွေလေ။ မရှောင်တဲ့လူ သေမှာပဲ” လို့ နန်းမယ်ခုံ မြို့ခံ တစ်ဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီ ဗုံးကြဲတဲ့နေရာတွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ ၅ မိုင်ခန့်ကွာဝေးတာကြောင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တယ်လို့ ယူဆပြီး အမြန်ဆုံးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့၊ ဒေါငံခါးရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရပ်ကွက်နေပြည်သူတွေဟာလည်း နောက်ထပ် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“ဒီးမော့ဆိုမှာက ဝေးဝေးလံလံ မပြေးကြဘူး။ အရှေ့ခြမ်းကြဲရင် အနောက်ခြမ်းပြေး၊ အနောက်ခြမ်းကြဲရင် အရှေ့ခြမ်းပြေးပေါ့။ တချို့လည်း တောထဲ တောင်ထဲပြေးကြ နည်းနည်းငြိမ်ရင် ပြန်လာကြပေါ့။ အဝေးပြေးဖို့ဆိုတာလည်း ပိုက်ဆံလိုတယ်လေ” စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ စက်တင်ဘာလ ၁ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုမှာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ် ၃ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ကရင်နီပြည်မှာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက တပ်သားသစ် စုဆောင်းတာ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ပြည်သူ့စစ် ပြန်လည်ဖွဲ့စည်းတာတွေ ပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ပထမအပတ်တွင်းမှာ နောက်ထပ်ထိုးစစ်ဆင်နေပါတယ်။
MK-014









