မဲခေါင်၊ စက်တင်ဘာ ၆
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲပြီး တစ်လကြာအထိ ပိုင်ရှင်ပြန်မလာသေးတဲ့ မြို့ခံတွေရဲ့နေအိမ်တွေ ဆက်လက် ဖောက်ထွင်းခံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။
မြို့သိမ်းတိုက်ပွဲပြီးဆုံးသွားပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် နေအိမ်ကို ပြန်မလာနိုင်သေးတဲ့ ဒေသခံတွေလည်း အများအပြားရှိနေပြီး သူတို့ရဲ့နေအိမ်တွေ ဖောက်ထွင်းခံနေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အစ်မတို့တော့ ဟိုတစ်ပတ်က အိမ်တွေတော့ သန့်ရှင်းရေးလုပ်ပြီး သော့အကုန် ပြန်ခတ်ခဲ့တယ်။ ဒါပေမယ့် ဘယ်နှစ်ရက်မှ မကြာပါဘူး ပြန်ဖောက်ခံရတယ်” လို့ နေအိမ်မှာပြန်လည် မနေထိုင်နိုင်သေးတဲ့ မြို့ခံအမျိုးသမီး တစ်ဦးကပြောပါတယ်။
လက်ရှိလားရှိုးမြို့မှာ ရပ်ကွက်အားလုံးနီးပါး အိမ်ဖောက်ထွင်းမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်းမှာ ဆုံးရှုံးသွားတဲ့ပစ္စည်း အရေအတွက်ထက် ခိုးဆိုးဖောက်ထွင်းခံလိုက်ရတဲ့ ပစ္စည်းအရေအတွက်နဲ့ တန်ဖိုးက ပိုများတယ်လို့ နေအိမ်ပြန်ရောက်လာတဲ့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျနော်တို့အိမ်ကလွန်ခဲ့တဲ့အပတ် ဩဂုတ် ၂၈ ရက်နေ့မှာပဲ ဆိုင်ကယ် ၃ စီး အဖောက်ခံလိုက်ရတယ်။ ကျနော်တို့အိမ်မှမဟုတ်ဘူး အိမ်ဘေးပတ်ဝန်းကျင်တွေမှာလည်း ဆန်၊ ဆီ၊ ဆားတွေ တချို့သောတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုပါ ဖောက်ခံရတာတွေ ကြုံတွေ့နေရတယ်” လို့ သူက ဆိုပါတယ်။
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့မှာ မြို့နေပြည်သူတွေဟာ တိုက်ပွဲကြောင့် အိုးအိမ်တွေ ပျက်စီးရုံသာမက အိမ်ဖောက်ထွင်းခံရတာကြောင့်ပါ ဆုံးရှုံးမှုတွေများစွာ ရင်ဆိုင်နေကြရတာဖြစ်ပြီး စားဝတ်နေရေးကျပ်တည်းမှုကြောင့် ကုန်စုံဆိုင်တွေက စားသောက်ကုန်အမြောက်အများလည်း ခိုးယူခြင်းခံရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ကိုးကန့်တပ် – MNDAA အနေနဲ့ ခိုးရာပါဆိုင်ကယ်တွေ အရောင်းအဝယ်လုပ်တာကို ဖမ်းဆီးဖို့အတွက် မြို့အထွက်မှာ စစ်ဆေးမှုတွေပြုလုပ်နေသလို ဖမ်းဆီးရမိထားတဲ့ ခိုးရာပါမော်တော်ယာဉ်တွေကိုလည်း သက်သေအထောက်အထားနဲ့အတူ ပြန်လည်ထုတ်ယူနိုင်တယ်လို့ ဩဂုတ်လ ၂၄ ရက်နေ့ကထုတ်ပြန်ထားပါတယ်။
လားရှိုးမြို့ကို MNDAA က ဩဂုတ်လ ၃ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပြီး ဩဂုတ်လ ၇ ရက်နေ့မှ စတင်ကာ မြို့အဝင်အထွက်ကို ခွင့်ပြုခဲ့ပါတယ်။
MK – 016










