မဲခေါင်၊ စက်တင်ဘာ ၅
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာရှိ ဖာမွန်းပန်းခြံမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် အယောက် ၁၄၀ အတွက် အကူအညီလိုအပ်နေတယ်လို့ ပန်းခြံအနီး နေထိုင်သူတွေက ပြောပါတယ်။
ဖာမွန်းပန်းခြံကို ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ ဇူလိုင်လကတည်းက ရောက်ရှိနေတာ ဖြစ်ပြီး မိဘမဲ့ကလေး ၈၀ ကျော်နဲ့ သာမန်မိသားစုတွေက ၄၀ ခန့် ပါဝင်တယ်လို့ ဆိုပါတယ်။
“ရောက်လာကြတုန်းကတော့ အလှူရှင်တွေ ဘာတွေနဲ့ဆိုတော့ အဆင်ပြေတယ်။ အခုက ကြာလာတော့ အလှူရှင်တွေ မလာကြတော့ဘူး။ ကလေးတွေဆိုတော့ ကျောင်းတက်နေသေးတယ်လေ။ ဘာလုပ်တတ်ကြဦးမှာလဲ” လို့ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေထဲမှာ ကျောင်းနေအရွယ်ကလေး အများစုဖြစ်ပြီး အ.ထ.က (ဖာမွန်းနဲ့) လွယ်ကောင်းရွာရှိ မူလတန်းကျောင်းတို့မှာ ခွဲအပ်ထားတယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ တို့ဘက်က ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာတွေအပြင် စစ်ဘေးရှောင်တဲတွေ တိုးချဲ့ဖို့အတွက် ပျဉ်၊ ဝါးလုံး၊ မိုးကာတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
“ဒီပန်းခြံမှာ နေရတာအရမ်း အဆင်ပြေတယ်။ အချင်းချင်းလည်း ကူညီကြတယ်။ လာသလောက်လည်း လက်ခံတယ်။ နေဖို့ကတော့ ကိုယ့်ကိုယ် ဆောက်ရတာပေါ့နော်။ အလှူရှင် ရှိရင်တော့ အလှူရှင် ဆောက်ပေးတာပေါ့” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့မှာ စစ်ဘေးရှောင် ၅ ထောင်ကျော် နီးပါးခိုလှုံနေကြပြီး ရှမ်းမြောက်ဒေသအပြင်၊ မန္တလေးတိုင်းနဲ့ ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ပိုင်း ဒေသက စစ်ဘေးရှောင်တွေလည်း လာရောက်ခိုလှုံနေကြတယ်လို့ စုံစမ်းသိရပါတယ်။
MK-014













