မဲခေါင်၊ စက်တင်ဘာ ၃
မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေကြောင့် ဆင်ထိန်းမိသားစုများနဲ့ သစ်တောဝန်ကြီးဌာနပိုင် ဆင်ကောင်ရေ ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
PLA စစ်ရေးလှုပ်ရှားတဲ့ နယ်မြေအတွင်းကို ဆင်ထိန်းမိသားစုတွေဟာ ဆင်တွေပါခေါ်လာပြီး ဇူလိုင် ၁၀ ရက်နေ့က စတင်ရှောင်တိမ်းခဲ့ပါတယ်။ လက်ရှိတိုက်ပွဲတွေကြောင့် ရှောင်တိမ်းလာတဲ့ ဆင်ကောင်ရေ ၁၃၈ ကောင်ပါဝင်တဲ့ ဆင်ဝိုင်း ၂၁ ဝိုင်းထိ ရှိလာပြီလို့ သိရပါတယ်။
PLA စစ်ရေးနယ်မြေအတွင်းမှာ မူလက ဆင်ဝိုင်း ၁၀ ဝိုင်းရှိပြီး စဥ့်ကူးမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်ကြားကို ဆင်ဝိုင်း ၁၁ ဝိုင်း ထပ်မံခိုလှုံလာတာကြောင့် စုစုပေါင်း ဆင်ဝိုင်း ၂၁ ဝိုင်းထိ ရှိလာတာလို့ PLA က ထုတ်ပြန်ပါတယ်။





ထိန်းသိမ်းထားတဲ့ ဆင်တွေကို ပြည်သူ့ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာ သက်ဆိုင်ရာကို ပြန်လည်အပ်နှံသွားမှာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပြည်သူပိုင်ရတနာအဖြစ် ထိန်းသိမ်းကာကွယ်ထားမယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ PLA ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကိုးကန့်တပ် MNDAA တို့နဲ့လည်း မဟာမိတ်ဆက်ဆံရေးရှိပြီး နာမည်ကြီး ၁၀၂၇ စစ်ဆင်ရေး မှာလည်း မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း အမှတ် ၁ စစ်ဒေသ၊ တနင်္သာရီတိုင်းအမှတ် ၈ စစ်ဒေသ၊ ကိုးကန့် အမှတ် ၉ စစ်ဒေသ၊ တအာင်း အမှတ် ၂ စစ်ဒေသ ဆိုပြီး စစ်ဒေသ ၄ ခု သတ်မှတ်ကာ စစ်အာဏာရှင်ကို တိုက်ခိုက်နေပါတယ်။
Mekongnews








