မဲခေါင်၊ စက်တင်ဘာ ၃
ရှမ်းအရှေ့၊ ရွှေတြိဂံဒေသမှာ စီးဆင်းနေတဲ့ မဲခေါင်မြစ်အတွင်း စက်လှေတစ်စီး တိမ်းမှောက်လို့ လူအများအပြား ပျောက်ဆုံးနေတယ်လို့သိရပါတယ်။
မနေ့ စက်တင်ဘာ ၂ ရက် နေ့လယ် ၂နာရီခန့်မှာ မြန်မာနိုင်ငံသို့ နိုင်ငံသား ၄၀ ခန့် တင်ဆောင်လာတဲ့ စက်လှေတစ်စီးဟာ ရွှေတြိဂံနေရာ မိုင်းလောင်းအနီးအရောက်မှာ မဲခေါင်မြစ်အတွင်း စက်ရပ်သွားချိန် လှိုင်း လေကြီးလို့မျောပါရာကနေ ဆိပ်ကမ်းမှာရပ်ထားတဲ့ ကုန်သင်္ဘောအောက် တိမ်းမှောက်သွားတာလို့ သိရပါတယ်။
စက်လှေတိမ်းမှောက်ပြီးနောက် မြစ်ကမ်းတစ်လျှောက် လှေသမားတွေက သွားရောက်ကူညီခဲ့သော်လည်း လူ ၁၀ ဦးခန့်သာ ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ အရေအတွက်ကို မသိရသေးဘူးလို့ သိရပါတယ်။
လာအိုနိုင်ငံ၊ Tung Phai မြစ်ကမ်းပါးမှနေ၍ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက စက်လှေမှောက်တဲ့ ရုပ်သံကို တင်ခဲ့တာလို့ သိရပါတယ်။
အဆိုပါစက်လှေဟာ လာအိုနိုင်ငံ ဘယ်ဆိပ်ကမ်း ထွက်ခွာတာ၊ စက်လှေနဲ့ လိုက်ပါလာတဲ့ အရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ လာအိုနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ပို့ဆောင်ခံရကြောင်း သတင်းများ ထွက်ပေါ်နေခြင်းကြောင့် အများစုမှာ မြန်မာနိုင်ငံသားတွေဖြစ်နိုင်တယ်လို့ Tai Freedom သတင်းစဥ်မှာ ပါရှိပါတယ်။
လတ်တလောမှာလည်း ဝ တောင်ပိုင်း စစ်ဒေသ ၁၇၁ ကနေ လာအိုနိုင်ငံကို အလုပ်သွားလုပ်နေသူ အမျိုးသားတွေ စက်တင်ဘာ ၇ ရက်နေ့အမီ ပြန်လာပြီး စစ်မှုထမ်းဖို့ အမိန့်စာတစ်စောင် ထွက်ထားတာရှိလို့ စက်လှေမှောက်တဲ့အထဲ ၎င်း တို့ ပါမပါ မသိရသေးပါဘူး။
နိုင်ငံတွင်း မငြိမ်မသက်မှုများကြောင့် နိုင်ငံရပ်ခြားသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နိုင်ငံသားအများအပြားဟာ အလုပ်ရှာဖွေခြင်း၊ အိမ်နီးချင်းနိုင်ငံသို့ တရားမဝင်ထွက်ပြေးခြင်း၊ ဖမ်းဆီးခံရခြင်းနဲ့ နိုင်ငံပြန်ပို့ ခြင်း ခံနေရတာလို့ ပါရှိပါတယ်။
MK-012











