မဲခေါင်၊ စက်တင်ဘာ ၃
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ အခု တစ်ပတ်အတွင်း ရေတက်နှုန်း ပိုများလာပြီး ဖောင်တော်ဦးဘုရား ရင်ပြင်အထိ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေတက်လာတဲ့ နောက်ဆက်တွဲအနေနဲ့ ဘုရားရင်ပြင်ပေါ်က ပျံကျဈေးသည်တွေဟာ ဈေးရောင်းဖို့ ခက်ခဲလာပြီး တချို့ဆိုင်တွေက ယာယီပိတ်ထားရတယ်လို့ ဆိုပါတယ်။
“အခြေနေကြည့်ပြီး ပိတ်မလား ဖွင့်မလား လုပ်ရမှာပေါ့နော်။ ရေတက်လည်း လာတဲ့သူက ရှိရင် ရောင်းရမှာပေါ့။ လောလောဆယ်တော့ သစ်သားပြားတွေနဲ့ ခင်းထားကြတယ်” လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က ရင်ပြင်ပေါ်အထိ ရေဝင်ရောက်ဖို့ ၄ လက်မခန့် လိုသေးပေမယ့် လက်ရှိမှာတော့ ဖောင်တော်ဦးဘုရား နတ်မင်းကြီး ၄ ပါး ရုပ်ထုအထိ ရေဝင်ရောက်နေပြီပဲ ဖြစ်ပါတယ်။
လက်ရှိ ဘုရားအောက်ထပ် ဆိုင်ခန်းတွေအထိတော့ ရေမဝင်ရောက်သေးပေမယ့် ဖောင်တော်ဦးဘုရား လှေဆိပ်ကိုလည်း ထပ်မြှင့်ထားရပြီလို့ သိရပါတယ်။
“မိုးရွာရွာ မရွာရွာ တောင်ပိုင်းက လာတဲ့ရေတွေကြောင့် တက်နေတာ။ ဒီထက်တက်ရင် ၅ ရက် တစ်ဈေး တွေတောင် ဖွင့်နိုင်ပါ့မလားပဲ” လို့ ဖောင်တော်ဦးဘုရား အနီးတစ်ဝိုက် နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ရေတက်လာတဲ့ နောက်ဆက်တွဲ အနေနဲ့ ဖောင်တော်ဦး ဘုရားအနီးတစ်ဝိုက်က ကျေးရွာတွေမှာလည်း အိမ်အောက်ထပ်တွေနဲ့ ကုန်းနိမ့်ပိုင်း အိမ်တွေမှာ ရေတွေဝင်ရောက်နေပြီး တချို့မိသားစု တစ်စုနဲ့ တစ်စု ပေါင်းနေနေရတယ်လို့ ဆိုပါတယ်။
အင်းလေးမှာ ၂၀၀၅ ခုနှစ် စံချိန်တင် ရေကြီးတုန်းကလည်း ရင်ပြင်ပေါ်အထိ ရေတွေ ဝင်ရောက်ခဲ့ပြီး အခုတစ်ကြိမ်မှာလည်း အဲဒီ စံချိန်လိုက်မီဖို့ လက်မအနည်းငယ်လောက်သာ လိုတော့တယ်လို့ သိရပါတယ်။
MK-014










