မဲခေါင်၊ စက်တင်ဘာ ၂
ရှမ်းမြောက်၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှာ ဘုရားမီးပူဇော်ရာကနေ နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
ယနေ့ စက်တင်ဘာလ ၁ ရက်၊ မနက် ၉း၁၅ အချိန်ခန့်မှာစယ်လန့်ကျေးရွာ ဦးစိုင်းဆမ်ကျော်ငင်းအိမ်က ဘုရားမီးပူဇော်ရာကနေ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူနေအိမ် ၂ အိမ် မီးလောင်ပြာကျခဲ့ရတယ်လို့ သိရပါတယ်။
မနက်ပိုင်း ဆွမ်းတင်ရာက ဘုရားမီးပူဇော်တဲ့ ဖယောင်းတိုင်ကနေ မီးလောင်တာဖြစ်ပြီး ရွာလူထုနဲ့ TNLA ၊ SSPP တပ်ဖွဲ့တွေ မီးလာငြိမ်းသတ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပေါ့ဆမီးကြောင့် နေအိမ် ၂ အိမ်အပြင် အိမ်စီးကား၁စီး၊ ထော်လာဂျီ ၁ စီး၊ စပါးစိုက်စက် ၂ စီး၊ စပါးရိတ်စက် ၁ စီး၊ လယ်ထွန်စက် ၂ စီး၊ သုံးဘီးဆိုင်ကယ် ၁ နဲ့ ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
MK-012












