မဲခေါင်၊ ဩဂုတ် ၃၀
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဩဂုတ်လအတွင်း အင်တာနက် အသုံးပြုလို့ရလာပေမယ့် စတားလင့် ဈေးကြီးမှုကြောင့် မြို့ခံတွေအတွက် ငွေကြေး အခက်အခဲဖြစ်လာတယ်လို့ စုံစမ်း သိရပါတယ်။
စတားလင့်အင်တာနက်ကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)ရဲ့ တပ်ဆင်မှုနဲ့ ဒေသတွင်း ကာကွယ်ရေးတပ်တွေက ဖွင့်ပေးတာဖြစ်ပြီး လက်ရှိမှာ တစ်နာရီ ၅ ထောင်ကျပ်အထိ ကျသင့်နေတာပါ။
“တောင်ပေါ်မှာ ဖုန်းပြောရတာနဲ့ စာရင်တော့ တော်သေးတာပေါ့။ ဈေးကတော့ နေ့တိုင်းသုံးတဲ့ လူတွေအတွက် များတာပေါ့။ ဒီကာလ ဝင်ငွေမှ မရှိကြတာလေ” လို့ မိုးကုတ်မြို့ အနောက်ပိုင်း ဒေသခံ တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်း မစိုးရိမ်ကျောင်းတိုက်နဲ့ ရှမ်းတောဘက်မှာ စတားလင့်အင်တာနက် အသုံးပြုလို့ရပြီး အသုံးပြုသူ များလွန်းတာကြောင့် တိုကင်နဲ့ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
စတားလင့်ခ် အင်တာနက်ကို တစ်လ ဒေါ်လာ ၄၀၀ နှုန်း (ခန့်မှန်းခြေ မြန်မာငွေကျပ် ၂၅ သိန်း)သာ ကျသင့်ပြီး မိုးကုတ်မြို့အနီး မဘိန်းမြို့မှာလည်း တစ်နာရီ ၃ ထောင်ကျပ်သာ ပေးဆောင်ရတာကြောင့် ဈေးလျှော့ပေးစေချင်တယ်လို့ မိုးကုတ်အရှေ့ပိုင်း ဒေသခံ တစ်ဦးက ပြောပါတယ်။
“လူအယောက် ၂၀ တစ်နာရီ လောက်ထိုင်သုံးရင်တောင် တစ်သိန်းရပြီ။ အခုက တစ်ပြိုင်နက်ကို တစ်ရာနီးပါး ရှိတာဆိုတော့ တစ်ရက် ၂၅ သိန်းနဲ့တောင် တစ်ခါတည်း အရင်းကျေလောက်တယ်။ အလကားရဖို့တော့ မမျှော်လင့်ပါဘူး။ ဈေးနည်းနည်းပဲ လျှော့ပေးစေချင်တာပါ”
အင်တာနက် သုံးလို့မရတဲ့ အရင်ရက်ပိုင်းတွေက ဘောလုံးကြီး၊ ဆင်ခွာကျေးရွာနဲ့ ပြောင်ခေါင်းရွာမှ တဆင့် သွားလာပြီး တောင်ထိပ်နေရာတွေအထိ သွားရောက် အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့ကို TNLA ဦးဆောင်မှုနဲ့ ဇူလိုင်လ ၂၄ ရက်နေ့က သိမ်းယူခဲ့တဲ့ မိုးကုတ်မြို့မှာ လက်ရှိ အုပ်ချုပ်ရေးပိုင်း ပြဿနာအနည်းငယ် ကြုံတွေ့နေရပြီး အိမ်သုံးဆားလည်း ပြတ်လပ်နေတယ်လို့ စုံစမ်း သိရပါတယ်။
MK-014









