မဲခေါင်၊ ဩဂုတ် ၃၀
ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အာလူးတွေဟာ ဩဂုတ်လအတွင်း မိုးရက်ဆက်ရွာသွန်းမှုကြောင့် ပျက်စီးမှုများပြီး အရှုံးပေါ်နေတယ်လို့ ဒေသတွင်း တောင်သူတွေက ပြောပါတယ်။
ဧပြီလတုန်းက ၂၅၀၀ ကျပ်ဝန်းကျင်သာ ဈေးရခဲ့တဲ့ အာလူးဈေးဟာ လက်ရှိမှာ ဈေးကောင်းရနေပေမယ့် ပျက်စီးမှုများတာကြောင့် ရင်းနှီးထားရတဲ့ စိုက်ပျိုးကုန်ကျစရိတ်နဲ့ မကာမိဘဲ အရှုံးပေါ်နေတာပဲ ဖြစ်ပါတယ်။
“မိုးက နေ့တိုင်းရွာတာနဲ့ အာလူးက အလုံးမလှတော့ဘူး။ ရေစီးနဲ့ လိုက်ပါကုန်တာပေါ့။ ပုပ်တာတွေနဲ့ဆိုတော့ ထင်သလောက် ထွက်နှုန်းမရဘူး” လို့ ပင်လောင်းဒေသရှိ တောင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အာလူး တစ်ပိဿာ ၄၅၀၀ ကျပ်ဝန်းကျင်ခန့်အထိ ဈေးကောင်းရရှိနေပြီး ပွဲရုံတွေ ရွာထဲအထိ လိုက်ဝယ်တဲ့ ဈေးနှုန်းကတော့ ၃၅၀၀ ကျပ်ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။
ရှမ်းတောင် အာလူးဈေးကွက်ဟာ ဆင်ဖြူကျွန်းနဲ့ တရုတ်ဘက်က ဝင်လာတဲ့ အာလူးတွေ တိုက်ဆိုင်တဲ့ အချိန်နဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအနှံ့အပြားကို ပို့ဆောင်တဲ့ လမ်းကြောင်းတွေ ပိတ်နေတဲ့ အချိန်မျိုးမှာ ဈေးကျလေ့ရှိပြီး ကျန်တဲ့အချိန်တွေတော့ ဈေးကောင်းရကြတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
အာလူးကို ပင်လောင်း၊ နောင်တရား၊ ကလော၊ ရွာငံ၊ ပင်းတယ စတဲ့မြို့နယ်တွေမှာ ဧကသောင်းချီ စိုက်ပျိုးကြပြီး တစ်ဧကကို ပိဿာ ၅ ထောင်ကနေ ၈ ထောင်အထိ ထွက်ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။
MK-014








