မဲခေါင်၊ သြဂုတ် ၂၉
ရှမ်းအရှေ့ မိုင်းတုံမြို့မှာ မိုးကြိုးစက်ကွင်းမိလို့ လျှပ်စစ်ပစ္စည်းအများအပြား ပျက်စီးရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တနေ့ သြဂုတ်လ ၂၇ ရက် ည ၇း၃၀ခန့်မှာ မိုင်းတုံမြို့မှာ မိုးရွာစဥ် မိုးကြိုးပစ်တာမှာ မြို့မရပ်ကွက်က အိမ်သုံးနဲ့လျှပ်စစ်ပစ္စည်း အများအပြား ပျက်စီးကြရတာလို့ဒေသခံတွေက ပြောကြတာပါ။
“မီးလာတဲ့ အချိန်ဆိုတော့ အကုန်သုံးနေကြတာ၊ မိုးကြိုး ၃ ခါ ပစ်တယ်၊ ဂေါက်ကွင်းနဲ့ စစ်လက်နက်ပစ္စည်းတပ်ဘက်၊ အဲဖက်ကိုအသွားအလားမရှိလို့ မသိရပေမယ့် မြို့မအောက်ဖက် အိမ်တွေကတော့ စက်ကွင်းမိလို့ အတော်ပျက်ကုန်ကြတယ်”လို့ မြို့မရပ်ကွက်နေသူ တစ်ဦးက မဲခေါင်သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။
မိုင်းတုံမှာ EPC မီးက ညနေ ၆း၃၀ က ည ၉း၃၀အထိသာ မီးပေးနိုင်လို့ မီးလာချိန်အတွင်း လျှပ်စစ်နဲ့ ပတ်သက်တာတွေ သုံးရတဲ့အချိန် မိုးကြီုးစက်ကွင်းမိကြရတာ ဖြစ်ပါတယ်။
“ရှုမဝကုန်ဆိုင်က ဆိုလာတွေ ပျက်တယ်၊လက်တော့ adapter တွေ socket တပ်ထားတာတွေ ၊ အဝတ်လျှော်စက်၊ အင်ဗာတာ တွေလဲ ပျက်တယ်ကြားတယ်”လို့ မြို့မရပ်ကွက်နေ အခြားသူ တစ်ဦးထံကလည်း သိရပါတယ်။
မိုင်းတုံမြို့မှာ သြဂုတ်လ ၁၄ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းလို့ တောင်ကျချောင်းရေကြီးကာ မြို့အဝင်တံတား ချဥ်းကပ်လမ်းပြိုကျပျက်စီးတာ၊ လယ်တွေရေမြုပ်ပျက်စီးတာတွေ ဖြစ်ပေါ်နေဆဲမှာပဲ အခု မိုးကြိုးစက်ကွင်းကြောင့် ထိခိုက်တာတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီးလူထိတာ၊ မီးလောင်တာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
မိုးရာသီမှာ သဘာဝဘေးဖြစ်တဲ့ ရေကြီးရေလျှံရေနစ်မြုပ်တာတွေ၊ တောင်ပြိုလမ်းပျက်တာတွေ၊ မိုးကြိုးအန္တရာယ်တွေစတာတွေအပြင် အပြင်းစားတုတ်ကွေးရောဂါမျိုးတွေဖြစ်ပွားတတ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေက သစ်ပင်တွေမခုတ်ဖို့၊ တောတွေထိန်းသိမ်းဖို့နဲ့ သေချာတဲ့ မိုးကြိုးလွှဲတွေ တပ်ဆင်ကြဖို့ အသိပေးချက်တွေလူတွေ သတိပြုနိုင်ကြဖို့လူမှုကွန်ရက်မှာ ဖော်ပြနေကြပါတယ်။
MK-012








