မဲခေါင်၊ ဩဂုတ် ၂၈
ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ တောင်ကြီး – ကျိုင်းတုံ – တာချီလိတ်လမ်း တစ်လျှောက်မှာ ဒီနှစ် မိုးရာသီအတွင်း မိုးရက်ဆက်ရွာသွန်းမှုကြောင့် လမ်းပိုင်းနေရာအများစု ပျက်စီးနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ရင်ကွဲတောင် အပါအဝင် လမ်းပိုင်းနေရာတချို့ကို ယာယီပြင်ဆင်ပြီး ဖြစ်ပေမယ့် ရာနှုန်းပြည့် မပြီးစီးသလို တချို့လမ်းပိုင်းတွေမှာ လမ်းချော်မှုတွေနဲ့အတူ အနည်းဆုံး ၅ ရက်ခံကြာနိုင်တာကြောင့် လေယာဉ်နဲ့သာ သွားလာကြဖို့ ခရီးသည်တွေက အကြံပြုပါတယ်။
“တောင်ပြိုနေလို့ ၅ ညအိပ်ရတယ်။ စားစရာပါလို့ တော်သေးတယ်။ ကားတွေလည်း မှောက်တတ်တယ်။ စစ်ဆေးရေးဂိတ်တော့ တော်တော်ကြာတယ်” လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။
လတ်တလောမှာ လမ်းကို ကျောက်ကြမ်း၊ သဲကြမ်းတွေနဲ့ ယာယီသဘော ပြင်ဆင်ထားတာကြောင့် မိုးရက်ဆက်ရွာခဲ့ရင် လမ်းနောက်ထပ် ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။
လမ်းပျက်စီးမှုကြောင့် ကားတချို့က မိုင်းဆတ်လမ်းက ပတ်သွားကြပေမယ့် ကားတိုင်း လွှတ်မပေးသလို အစစ်အဆေးလည်း တင်းကြပ်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
တာချီလိတ် – ကျိုင်းတုံ – တောင်ကြီး မိုးရာသီတွင်း မကြာခဏ လမ်းပျက်စီးလေ့ ရှိတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ နာရီနဲ့ချီကြာတတ်တာကြောင့် တောင်ကြီးကနေ တာချီလိတ် သွားလာကြသူတွေဟာ တစ်ပတ်အထိ ကြာနိုင်တယ်လို့ ယာဉ်မောင်းတွေက ပြောဆိုထားပါတယ်။
ဩဂုတ်လအတွင်း ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် တောင်ကြီး – တာချီလိတ် တစ်ဦးနှုန်း ၇၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ရန်ကုန် – တာချီလိတ် ၁၂၀,၀၀၀ ကျပ်ကနေ ၁၆၅,၀၀၀ ကျပ် (VIP ၁၈၅,၀၀၀ ကျပ်) စတဲ့ နှုန်းထားတွေနဲ့ ပြောင်းလဲ ကောက်ခံထားတယ်လို့ ဂိတ်မှူးတွေဆီက သိရပါတယ်။
MK-014









