မဲခေါင်၊ သြဂုတ် ၂၈
ရှမ်းတောင်ထွက်ခရမ်းချဉ်သီးဈေးကျ သဖြင့် စိုက်ပျိုးသူများ အရှုံးများနေတယ်လို့ စျေးကွက်က စုံစမ်းသိရပါတယ်။
ခရမ်းချဥ်အဓိကထွက်တဲ့ ပင်လောင်းမြို့နဲ့အင်းလေးဒေသတွင် ဇူလိုင်လတုန်းက ခရမ်းချဉ်သီး ၁ပိဿာ ၂ထောင်ကျပ်နဲ့အထက်ရှိခဲ့ရာက အခု ဩဂုတ်လတွင် ၁ပိဿာဈေးနှုန်း ၃၀၀ကျပ်ဈေးနဲ့သာ ရောင်းချနေရတာကြောင့် အရှုံးများစွာပေါ်နေတယ်လို့ အောင်ပန်း ခရမ်းချဥ်စျေးကွက်က သိရပါတယ်။
“ခရမ်းချဥ်တောင်သူတွေ ဘဝပျက်နေကြပြီ၊ လှူတာတောင်ယူသူမရှိ အလကားပေးလဲ မယူကြတော့ စျေးပျက်နေတယ်”လို့ ခရမ်းချဥ်ဒိုင်ကုန်သည် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ယခုနှစ်အတွင်း ခရမ်းချဥ်အများဆုံးစျေးမှာ ၁ပိဿာ ၄၀၀ဝ ကျော်ရရှိခဲ့ပြီးနောက် အခုမိုးတွင်းမှာ အသီးတွေအထားမခံတာ၊ သယ်ဆောင်ချိန်ကြာမြင့်တာတွေနဲ့ ရှမ်းမြောက်က လက်ကြီးသမားတွေ စစ်ရှောင်နေကြရလို့ စျေးကွက်ထိခိုက်နေတာလို့သိရပါတယ်။
“အဓိကတော့ ဖြုန်းအားမရှိတာ၊ ပြီးတော့မိုးထိလို့ အသီးတွေမှာ အမဲစက်ထင်ပြီး မှည့်တာပုပ်တာတွေဖြစ်ကုန်တော့ မမှာရဲ မပို့ရဲကြတော့တာ”လို့ ညောင်ရွှေပွဲရုံတစ်ခုက ပြောပါတယ်။
အင်းလေးဒေသမှာ ခရမ်းချဉ်သီးအများဆုံး စိုက်တဲ့ ကေလာကျေးရွာနဲ့ ကြေးစားကုန်းရွာတို့ကတောင်သူတွေ ခရမ်းချဉ် တစ်ပြိုင်တည်း စိုက်ကြပြီး တစ်ချိန်တည်းထွက်ကြရာမှာ အထွက်များပြီး ဝယ်သူနည်းတဲ့အတွက် ဝယ်လိုအားမရှိဖြစ်ရတာလို့လဲ သိရပါတယ်။
ရှမ်းမြောက်နမ့်ခမ်းမှာတော့ ခရမ်းချဥ်၁ပိဿာ ၁၈၀၀၀ ကျပ်ရှိနေပြီး ၁လုံး ကျပ် ၅၀၀ အထိ ပေးဝယ်စားနေရတယ်လို့သိပေမယ့် လမ်းခရီးမကောင်းလို့ မပို့နိုင်ဘူးလို့ ကုန်စည်ဒိုင်တွေက ပြောပါတယ်။
“လမ်းတွေလဲကောင်းမယ်၊ မြို့ရွာတွေလည်း အခြေအနေပေးလာရင် မိုးအကုန် ဆောင်းအကူး နိုဝင်ဘာလ လောက်မှာ စျေးကွက် ပြန်ကောင်းနိုင်ပါ့မယ်”လို့ အောင်ပန်းကုန်စည်ဒိုင်က ခန့်မှန်းပါတယ်။
စက်သုံးဆီကအစ မြေဆီအစ အထွေထွေကုန်စျေးနှုန်းမြင့်တက်နေကာ မြန်မာငွေ တန်ဘိုးဖောင်းပွနေတာကြောင့်လဲ စျေးကွက်တွေ ထိခိုက်နေတာမှာ ရှမ်းတောင်ခရမ်းချဥ်စိုက် တောင်သူတွေ အရှုံးများနေကြတာဖြစ်ပါတယ်။
MK-012









