မဲခေါင်၊ ဩဂုတ် ၂၈
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာထိတ်ရွာမှာ မနေ့ ဩဂုတ် ၂၇ ရက်နေ့ ညနေ ၆ နာရီခန့်က လက်နက်ကြီး ကျရောက်မှုကြောင့် သားအမိ ၂ ဦးအပါအဝင် ဗိုက်ထဲ ကလေးပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ စစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာနဲ့ ပစ်ခတ်ခဲ့ရာ ပင်လယ်ကြီးရွာထိပ် အနောက်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ၃ ဦးလုံး ထိခိုက်သေဆုံးခဲ့တာပါ။
“စဉ့်ကူးကနေ မိုးကုတ်အထိ တစ်လျှောက်လုံး စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်နေပြီ။ အခုက တိုက်ပွဲမရှိဘဲ ရည်ရွယ်ချက်ရှိရှိပစ်တာ”လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လက်နက်ကြီးကျရောက်စဉ် သားအမိ ၂ ဦးလုံးဟာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်သမီးဖြစ်သူရဲ့ ဗိုက်ထဲက ကလေးကတော့ အပြင်ရောက်မှ သေဆုံးတာလို့ ဆိုပါတယ်။
“သူတို့ ၂ ယောက် ရေကန်မှာ ရေဆင်းချိုးနေတုန်း ကန်ထဲလက်နက်ကြီး တည့်တည့်ကျတာ။ သားအမိ ၂ ယောက်လုံး ထဘီရင်လျားနဲ့ ပွဲချင်းပြီးရော” လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။
စဉ့်ကူးမြို့ကို လက်ရှိ အဝင်ရောအထွက်ရော ခွင့်ပြုပေးနေပေမယ့် စစ်ဆေးမှု အဆင့်ဆင့်ခံယူရပြီး အချိန်ကန့်သတ်ချက်တွေလည်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။
အလားတူ မနေ့ညက စဉ့်ကူးမြို့ အနီး၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေရွာကိုလည်း စစ်ကောင်စီက ဒရုန်း ၃ စင်းနဲ့ ၆ ကြိမ်တိတိ ဗုံးကျဲခဲ့ပြီး ထိခိုက်မှု အခြေအနေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
MK-015








