မဲခေါင်၊ ဩဂုတ် ၂၈
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရေကြီးရေလျှံဖြစ်နေပြီး လက်ရှိမှာ ရေ ၃ လက်ခန့်ကျလာပေမယ့် စိုးရိမ်ရေမှတ် ရှိနေသေးတယ်လို့ သိရပါတယ်။
ဩဂုတ်လအစကတည်းက ရေကြီးရေလျှံ ဖြစ်နေပြီး မနေ့ ဩဂုတ် ၂၇ ရက်နေ့က တာချီလိတ် – မယ်ဆိုင် တံတားရဲ့ အောက်ခြေအထိ ရေထိခဲ့ပေမယ့် ဒီနေ့မှာတော့ တံတားအောက်အထိ ရေကျသွားခဲ့ပြီလို့ ဆိုပါတယ်။
“ရေက မိုးရွာတိုင်းကို တက်နေတာဗျာ။ မိန်းလမ်းမကြီးလည်း ရေချောင်း ဖြစ်နေပြီ။ ငါးတွေတောင် ပါလာတယ်။ ဒီနေ့မှ မကျရင် မလွယ်ဘူး” လို့ ဝမ်ကောင်းရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့ရှိ ဝမ်ကောင်းနဲ့ ဝမ်မိုင်ရပ်ကွက်မှာတော့ ကားမြင့်တွေသာ သွားလာလို့ရပြီး သုံးဘီး(ဆမ်လောဝ့်)၊ ဆိုင်ကယ်နဲ့ ကားသေးတွေက သွားလာလို့ မရဘူးလို့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။
ဆန်ဆိုင်းရပ်ကွက် အပါအဝင် ရပ်ကွက်အများစုမှာတော့ ဆိုင်ကယ်နဲ့ သွားလာလို့ရတဲ့ အခြေအနေရှိပြီး မြို့ခံလူမှုကူညီရေးအသင်းတွေက နေရာရွှေ့ပြောင်းပေးတာ၊ ကယ်ဆယ်ရေး ဆောင်ရွက်ပေးတာ၊ ရိက္ခာဝေမျှပေးတာတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့မှာ စစ်ကောင်စီ လက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက မြောင်းတွေ ရှင်းလင်းမှု မရှိတာ၊ ရေစီးရေလာကောင်း ဆောင်ရွက်ပေးမှု မရှိတာ စတဲ့ အကြောင်းအရာတွေကြောင့် ရေကြီးရေလျှံ ဖြစ်ရတာလို့ မြို့ခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအတွင်း နေရာအများစုမှာ ရေကြီးရေလျှံ ဖြစ်နေပြီး ပြည်သူတွေ အနေနဲ့ ရေဘေးရော စစ်ဘေးအတွက်ပါ စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။
MK-015













