မဲခေါင်၊ သြဂုတ် ၂၄
ရှမ်းတောင် ၊ နမ့်စန်မြို့က လုပ်ငန်းရှင်တွေကို ပအိုဝ်းဒေသ-၆ အတွက် ဆိုကာ PNO က အဓမ္မငွေကောက်ခံမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
မနေ့ သြဂုတ်လ ၂၃ ရက် ညနေ ၆ နာရီခန့်မှာ PNO တွေက နမ့်စန်မြို့က စီးပွားရေးလုပ်ငန်းရှင်တွေဆီ ဝင်ရောက် အတင်းအဓမ္မကောက်ခံတာတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
“မပြောရဲဘူးဗျ၊ ဘယ်သူကမှ မကာကွယ်ပေးနိုင်ဘူး”လို့ နမ့်စန်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဘယ်လုပ်ငန်းရှင်တွေဆီက ဘယ်လောက်တောင်းလို့ ဘယ်လောက်ပေးလိုက်ရတယ်ဆိုတာ မသိရပေမယ့် လူမှုကွန်ရက်ပေါ်မှာတော့ ကျပ်သိန်း ၅၀ အထိ ရှိတယ်လို့ တွေ့ရပါတယ်။
လွိုင်လင်၊ ပင်လုံ၊ နမ့်စန်နဲ့ ခိုလန်မြို့တွေမှာ စစ်ရေးရှုပ်ထွေးလာနိုင်ပြီး ပင်လုံမြို့မှာလည်း အလားတူ ငွေတောင်းခံမှုတွေရှိနေတယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။
MK-012








