မဲခေါင်၊ သြဂုတ် ၂၄
ရှမ်းအရှေ့၊ မိုင်းပျဉ်း-မက်မန်းသွား လမ်းပေါ်က တာကော်လေးတံတားရဲ့ ရေလယ်တိုင်တွေ ချောင်းထဲ မျောပါသွားလို့ သွားလာလို့မရတော့ဘူးလို့ သိရပါတယ်။
တနေ့ သြဂုတ်လ ၂၂ ရက်၊ ညနေ ၅ နာရီမှာ မိုင်းပျဉ်း-မက်မန်းသွား ကားလမ်းပေါ်က မိုင်တိုင် ၂၀/၆ နဲ့ ၂၀/၇ အကြား က တာကော်လေးတံတားက ရေလယ်တိုင် ၂ ခု ချောင်းရေထဲမျောပါသွားတာလို့ သိရပါတယ်။
မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းလို့ မိုင်းပျဉ်းမြို့နယ်၊ ဝမ်တာခတ်ကျေးရွာအနီး နမ့်ခချောင်းကို ဖြတ်သန်းတည်ဆောက်ထားတဲ့ တာကော်လေးတံတားဟာ အရှည်၄၀၀ ပေ၊ အကျယ် ၁၁ ပေ၊ တံတားခံနိုင်ဝန် တန် ၂၀ ရှိတဲ့ ကွန်ကရစ် ဘေလီ အမျိုးအစားဖြစ်ပြီး အခုမှာတံတားအောက် ရေလည်တိုင် ၂ ခု မျောပါသွားတာဖြစ်လို့ ကားတွေ ဆိုင်ကယ်တွေ သွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။
ရှမ်းအရှေ့မိုင်းပျဉ်းကနေ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်လို့ အရေးကြီးတံတား တစ်စင်းဖြစ်တာကြောင့် အမြန်ပြုပြင်ဖို့လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေလည်တိုင် ကျိုးသွားတဲ့တံတားဟာ ၁၉၉၄ ခုနှစ်မှာလဲ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခဲ့တာကြောင့် တံတားကျိုးပြီး ရေနောက်ပါသွားကာ အခုတစ်ကြိမ်မှာတော့ ဒုတိယအကြိမ်မြောက်တံတားကျိုးခြင်းဖြစ်တာဖြစ်ပါတယ်။
ရှမ်းပြည်မှာ တာကော် အမည်ပါ တံတား ၃ စင်းရှိပြီး တာကော် တံတားဟာ ရှမ်းတောင်နဲ့ ရှမ်းအရှေ့နယ်စပ်အဖြစ် ပြည်ထောင်စုလမ်းမကြီးပေါ်မှရှိကာ သံလွင်မြစ်ပေါ်မှာ တည်ဆောက်ထားပြီး မိုင်းပျဉ်းနဲ့ခိုလန် ဆက်သွယ်ထားတဲ့ အဓိက တံတား ၁စင်းဖြစ်ကာ၊ တာကော်အက်တံတားကတော့ ကြိုးတံတားအမျိုးအစားဖြစ်ပြီး တန့်ယန်း-တုံဟုန်း-တာကော်အက်လမ်းပေါ်မှာ ရှိပြီး ယခု တာကော်လေး တံတားကတော့ ရှမ်းအရှေ့နဲ့”၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ ဆက်သွယ်ထားတဲ့ တံတား ၁ စင်းဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ ရေလယ်တိုင်တွေ ရေထဲမျောပါသွားတဲ့ ခန့်မှန်းပျက်စီးမှုတန်ဘိုးဟာ ကျပ်သိန်း ၅၀၀၀ တန်ဘိုးရှိတယ်လို့ သိရပါတယ်။
MK-012








