မဲခေါင်၊ သြဂုတ် ၂၃
ရှမ်းအရှေ့၊ မိုင်းတုံမြို့အဝင် တံတားအောက်ခြေ ရေတိုက်စားလို့ မြေသားကျွံမှုဖြစ်ပေါ်နေပြီး ဖြတ်သန်းစဉ် တံတားကျိုးကျပါက တံတားရဲ့တန်ဖိုးကို ပေးလျော်ရမယ်လို့ ထုတ်ပြန်ထားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် နေ့ မနက်အစောပိုင်းမှာ နမ့်တုံတောင်ကျရေကြောင့် မိုင်းတုံမြို့အဝင်တံတားနားက ချဉ်းကပ်လမ်း ရေထဲပြိုကျသွားရာမှာ ပြန်ပြင်ထားတဲ့ ဘေလီတံတားအောက်ခြေဟာ ရေထပ်မံတိုက်စားလို့ မြေသားကျွံမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး ဖြတ်သန်းတဲ့ကားတွေဟာသတ်မှတ်အလေးချိန်ထက် ကျော်လွန်ကာ မောင်းနှင်လို့ တံတားကျိုးကျ ပျက်စီးပါက တံတားရဲ့တန်ဖိုးကို ပေးလျော်ရမယ်လို့ လမ်းဌာနက သတိပေးဆိုင်းဘုတ် လာစိုက်ထားတာနေတာမှာ ကားတွေ သတိထားဖို့လိုတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“တံတားအောက်ခြေမှာ ပင် ၂ ချောင်းပဲ အားပြုထားတယ်၊ အောက်အမာခံမြေသားလဲမရှိဘူး၊ ဒေါက်ထောက်လို့လဲ မြေမာမရှိရင်မလွယ်ဘူးဆိုတော့ ကားဆရာတွေ မဖြတ်ခင် သေချာ ဆင်းကြည့်ပြီး သေချာမှ ဖြတ်စေချင်တယ်”လို့ မိုင်းတုံဒေသခံ တစ်ဦးက မေတ္တာနဲ့သတိပေးပါတယ်။
အထူးသဖြင့် ကုန်တင်ကားကြီးတွေ ဝိတ်နဲ့ဖြတ်သန်းတာကို သေချာမှသာ ဖြတ်သန်းမှ အဆင်ပြေနိုင်မယ်လို့ သူက ပြောပါတယ်။ ကုန်ကားတွေကတော့ လက်ရှိမှာ သတ်မှတ်ဝိတ်အတိုင်းထက် ကုန်အလွတ်(ခါလီ) ဖြတ်နေကြပြီး ကုန်တွေကို လူ၊ ယာဉ်ငယ်တွေနဲ့ကဲ့သယ်နေကြတယ်လို့ သိရပါတယ်။
မိုင်းတုံဟာ တောင်ကြီးက ၂၂၂ မိုင် ၅ ဖာလုံကွာဝေးပြီး ကျိုင်းတုံဘက် မိုင် ၂၈၂ မိုင်ထက် ပိုမိုနီးတာကြောင့်နဲ့ မိုင်းပျဉ်းတောင်ပေါ် ကားပိတ်ဆို့မှုတွေကြောင့် ကျိုင်းတုံဘက်ကားလမ်းထက် မိုင်းတုံဘက်ကို ခရီးသည်တင်ယာဉ်ငယ်တွေ ပိုမိုသွားလာနေကြတယ်လို့ သိရပါတယ်။
မိုင်းတုံကနေ တာချီလိတ်ကို ၁၀၂ မိုင်သာ ကွာဝေးတာဖြစ်ပေမယ့် တောင်ပေါ်လမ်းတွေ ဖြစ်လို့ ယာဉ်မောင်းချိန် ၅ နာရီခန့်ကြာမြင့်တယ်လို့သိရပြီး နေ့ချင်းပြန်နိုင်တဲ့ အနေအထား ရှိနေတယ်လို့ သိရပါတယ်။
MK-012










