မဲခေါင်၊ ဩဂုတ် ၂၂
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မှောင်ခိုစက်သုံးဆီတွေကို လိုက်လံဖမ်းဆီးနေတဲ့ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေက ဆီပန့်တွေမှာ ညအချိန်မတော် ဆီခိုးဖြည့်နေကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်ဝန်းကျင်ကနေ ဒီနေ့ ဩဂုတ် ၂၂ ရက်အထိ ညအချိန်မတော်တွေမှာ စစ်ကောင်စီတပ် အပါအဝင် သူတို့ လက်အောက်ခံ ရဲ၊ ရှေ့နေ၊ တရားသူကြီး၊ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ မိသားစုတွေကပါ တန်းစီစရာ မလိုဘဲ စိတ်တိုင်းကျ ဆီဝင်ဖြည့်နေကြတာပါ။
“ဆိုင်တွေကလည်း မပြောရဲဘူး။ သူတို့လာပြီဆို လုံးဝ ဆီဆိုင်က ပြတ်ပြီဆိုပြီး ပိတ်လိုက်တော့မှ လာတာ။ သူတို့ ထည့်ဖို့ကို ဆိုင်က ဖယ်ထားပေးရတာ။ မှောင်ခိုတိုက်ဖျက်မယ့် သူတွေကပါ ခိုးလုပ်နေကြတော့ ဘာပြောရမလဲတောင် မသိတော့ဘူး” လို့ ဆီပန့်ဝန်ထမ်းတွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ညအချိန်မတော်တွေမှာ ရဲကား၊ စစ်ကား၊ အိမ်စီးကားတွေနဲ့ ရောက်လာကြတဲ့ Non-CDM ဝန်ထမ်းတွေနဲ့ သူတို့ မိသားစုဝင်တွေကို ဆိုင်ဝန်ထမ်းတွေက ဝန်ထမ်းကတ်နဲ့ တိုက်စစ်ပြီး တစ်စီးချင်း ဓါတ်ဆီအပြည့်ဖြည့်ပေးနေတယ်လို့ ဆိုပါတယ်။
“ဘယ်ဌာနကလည်း ဘာညာနဲ့ ကပ်တိုးလေးပြောပြီး ခေါ်ဝင်နေကြတာ။ ကျနော်တို့ကိုကျ ၂ သောင်းဖိုးပဲတဲ့။ သူတို့က တစ်ဆွေတစ်မျိုးလုံး ခေါ်လာတာ။ စောင့်နေရတဲ့ ကျနော်တို့က ငပေါလိုပဲ” လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ တောင်ကြီးမြို့မှာ လူတစ်ဦးနှုန်းကို စက်သုံးဆီ ဆိုင်ကယ် ၅ ထောင်ကျပ်၊ ကား ၂ သောင်းကျပ်အထိသာ ခွဲတမ်းနဲ့ ရောင်းချပေးနေပြီး လိုသလောက်လည်း ဝယ်လို့မရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက Non-CDM ဝန်ထမ်းတွေအတွက် တန်းစီစရာမလိုဘဲ ဝန်ထမ်းကတ်ပြပြီး ဖြည့်နိုင်တယ်လို့ ပြောဆိုထားပေမယ့် သူတို့ ဆွေမျိုးတွေ ပါဝင်တယ်လို့တော့ ပြောဆိုထားတာမျိုး မရှိပါဘူး။
လတ်တလော တောင်ကြီးမြို့တွင်းမှာ ညောင်ဖြူစခန်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်ကွက် နှင်းဆီလမ်း၊ စူဠာမုနိဘုရားအနီးနဲ့ တောင်ကြီးမြို့ထွက် ဆီပန့်တွေမှာ ရောင်းချပေးနေပေမယ့် လူဦးနှုန်းအတွက် ဝယ်ယူခွင့်နဲ့ အချိန်ကို ကန့်သတ်ထားပြီး ၉၂ တစ်လီတာ ၃,၁၀၀ ကျပ်ဝန်းကျင်၊ ၉၅ တစ်လီတာ ၃,၂၅၀ ကျပ်ဝန်းကျင်၊ ဒီဇယ် ၃,၃၀၀ ကျပ်ဝန်းကျင် အသီးသီးပေါက်ဈေး ရှိနေပါတယ်။
MK-015








