မဲခေါင်၊ သြဂုတ် ၂၁
ရှမ်းမြောက်က ခရီးသွားလာမှုမှာ အဓိက ဖြစ်တဲ့ တံတားတွေ ကျိုးပျက်ခဲ့တာအနက် သီပေါနားက ဆွတ်လန်းတံတားနဲ့ လားရှိုး အသွားလမ်းက အီနိုင်းတံတားတို့ကို အိမ်စီးကားငယ်တွေ ဖြတ်သန်းသွားလာလို့ရပြီလို့ သိရပါတယ်။
ဆွတ်လန်းတံတားပြင်ဆင်မှုတွေကို TNLA ကပြုလုပ်ခဲ့တာဖြစ်ပြီး တနေ့ သြဂုတ်လ ၁၉ ရက် ကတည်းက ကားတွေ ဖြတ်သန်းသွားလာလို့ ရနေပြီလို့ သိရပါတယ်။
“ဟင်ဂလန်သံပြားတွေနဲ့ ခင်းတာ၊ အားလုံးပြီးဖို့ကတော့ မနက်ဖြန်လောက်မှဖြစ်မယ်၊ ကားသေးတွေပဲရသေးတယ်၊ တံတားမှာလဲ ဘာမှ မကောက်သလို အစစ်ဆေးလဲ မရှိဘူး”လို့ အဆိုပါ တံတားကို ဖြတ်သွားတဲ့ ခရီးသွား ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ဆွတ်လန်း တံတားဟာ သီပေါ-လားရှိုး လမ်း က ၉ မိုင် မှာရှိတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ အစမှာ ဖျက်ဆီးခံခဲ့ရတာဖြစ်ကာအခုမှ ပြန်ပြင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ၉ မိုင်တံတားစောင့် စစ်ကောင်စီတပ်စွဲထားတာ မရှိတော့ဘူးလို့ သိရပါတယ်။
ဆွတ်လန်းတံတားကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ က ဇွန်လ ၂၅ ရက်မှာ စစ်ကောင်စီတပ်က မိုင်းထောင်ဖျက်ဆီးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
MNDAA က ပြင်လိုက်တဲ့ အီနိုင်းတံတားကတော့ လားရှိုးမြို့ရှောင်လမ်းက ၃ မိုင်ခန့်သာဝေးပြီး သိန္နီ၊ ကွတ်ခိုင်၊ နမ္မတူ ဘက်ကို သွားတဲ့လမ်းပေါ်က တံတား ၁ စင်းဖြစ်တယ်လို့သိရပြီး ယခုအခါမှာ ကားတွေ ဖြတ်သန်းသွားလာနိုင်ပြီ်လို့ သိရပါတယ်။
အီနိုင်းတံတားဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၁ မှာ ၂၀၂၃ ဒီဇင်ဘာ ၁ ရက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။
လက်ရှိ မန္တလေးကနေ မူဆယ်အထိ ပြည်ထောင်စုလမ်းမကြီးပေါ်က တံတားတွေအနက် စဉ့်အင်တံတားကိုပြင်ဆင်ပြီးပါက စစ်ကောင်စီရဲ့ ပိတ်ပင်ကန့်သတ်မှုတွေကလွဲလို့ အဆင်ပြေစွာ ခရီးသွားလာနိုင်မှာဖြစ်ပြီး ကားခတွေကျကာ ကုန်တွေလဲ သယ်ယူနိုင်ပြီး ကုန်စျေးနှုန်းတွေလဲ ကျဆင်းမှာဖြစ်လို့ ပြည်သူတွေမျှော်လင့်နေကြတာဖြစ်ပါတယ်။
MK-012











