မဲခေါင်၊ ဩဂုတ် ၂၀
ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ရန်ကုန်တိုင်းကို ကူးသန်းသွားလာနေတဲ့ တောင်ကြီး – ကျိုင်းတုံ – တာချီလိတ် ကားခတွေ ဈေးတက်သွားတာကြောင့် လေကြောင်းလိုင်းနဲ့ သွားလာသူတွေ ပိုများလာတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ဩဂုတ်လအတွင်းမှာ မြန်မာငွေဈေး ကျဆင်းလာမှုနဲ့ စက်သုံးဆီ အခက်အခဲတွေကြောင့် ဈေးတက်ရတာဖြစ်ပြီး ကားစီးသူတွေ မရှိသလောက် လျော့နည်းလာပြီလို့ ဆိုပါတယ်။
“ခရီးသည် မရှိတော့ဘူးလေ။ တချို့ရက်ဆို လူမပြည့်လို့ မထွက်ရဘူး။ တော်တော်များများက လေယာဉ်ပဲ စီးကြတော့တယ်။ ဈေးက မကွာတော့ဘူးလေ” လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
ဩဂုတ်လ တတိယပတ်အတွင်း တာချီလိတ် – ကျိုင်းတုံ – တောင်ကြီး – ရန်ကုန် ကားခအနေနဲ့ တောင်ကြီး – တာချီလိတ် တစ်ဦးနှုန်း ၇၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ရန်ကုန် – တာချီလိတ် ၁၂၀,၀၀၀ ကျပ်ကနေ ၁၆၅,၀၀၀ ကျပ် (VIP ၁၈၅,၀၀၀ ကျပ်) စတဲ့နှုန်းထားတွေနဲ့ ပြောင်းလဲကောက်ခံနေကြတာပါ။
ကားခဈေးတက်တာအပြင် မိုးရာသီ လမ်းခရီး အခြေအနေအရ တစ်ပတ်/ ၁၀ ရက်ခန့် ကြာတတ်တာကြောင့် လေယာဉ်ပြောင်းစီးကြတယ်လို့ ဂိတ်မှူး တစ်ဦးက ရှင်းပြပါတယ်။
“လေယာဉ်က ဟဲဟိုးအထိ ၂ သိန်း ပတ်ချာလည်ပဲ။ ဒီဘက်မှာက ၁၂၀,၀၀၀ ဆိုပေမယ့် တချို့ကားတွေက ကားအပေါ် ပေးမအိပ်ဘူးလေ။ အပြင်တည်းခိုခန်း အိပ်ရတာ၊ စားရတာနဲ့ဆို ၂ သိန်းကျော်ပြီလေ။ အဲတော့ လေယာဉ်ပဲ စီးကြတော့တာ”
အလားတူ မြန်မာငွေဈေး တန်ဖိုး ကျဆင်းလာမှု နောက်ဆက်တွဲအနေနဲ့ ကျိုင်းတုံ – တာချီလိတ် ကားခကို ဘတ်ငွေ ပေါက်ဈေးအတိုင်း ကောက်ခံနေရပြီး လူတစ်ဦးကို ဘတ် ၁၅၀ ကျသင့်တယ်လို့ သိရပါတယ်။
တာချီလိတ် – ကျိုင်းတုံ – တောင်ကြီး – ရန်ကုန် သွားလာကြတဲ့ ကားတွေဟာ မိုးရာသီ လမ်းပျက်စီးတာ၊ လမ်းလျှော်တဲ့ နေရာတွေမှာ ထိန်းမောင်းရတာ၊ စစ်ဆေးရေးဂိတ်တွေမှာ နာရီနဲ့ချီကြာအောင် စစ်ဆေးတာ စတဲ့အခြေအနေတွေကြောင့် တစ်ပတ်ကနေ ၂ ပတ်အထိ လမ်းခရီးကြာချိန် ရှိတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
MK-014








