မဲခေါင်၊ ဩဂုတ် ၂၀
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ အလုပ်ကိုင် ရှားပါးမှုကြောင့် ဈေးဝယ်ထက် ဈေးသည်ပိုများနေတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ အလုပ်အကိုင် ရှားပါးမှုကြောင့် လူတစ်ဝက်ခန့်သာ နေထိုင်နေကြပြီး ဈေးသည်၊ ပန်းရံ၊ လက်သမား စတဲ့ လုပ်ငန်းတွေပဲ အဆင်ပြေနေကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ မန္တလေး – မိုးကုတ်လမ်းကို လမ်းအခြေအနေအရ ၂ ဖက်တပ်တွေက ပိတ်လိုက် ဖွင့်လိုက် လုပ်နေတဲ့အပြင် စစ်ကောင်စီဖက်ကလည်း ဩဂုတ်လ ဒုတိယအပတ်တုန်းက နောင်ချိုမြို့နယ်၊ အင်ဝိုင်းကျေးရွာ သကြားစက်အနီးရှိ တံတားကို ဖျက်ဆီးလိုက်တာကြောင့် ကုန်စီစီးဆင်းမှုဟာ ပြတ်တောက်လိုက်၊ ပြန်ရလိုက် ဖြစ်နေတာပါ။
“ရောင်းသူက များလွန်းလို့ ဘာဝယ်ရမှန်းမသိ။ ကုန်ပစ္စည်းတွေတော့ လိုချင်တာ မရတာများတယ်။ ဝမ်းရေးက မနေရတော့ မရှိရှိတာ ကြံဆပြီး ရောင်းနေရတာပေါ့” လို့ မိုးကုတ်အရှေ့ပိုင်းမှာ ဈေးဝယ်ထွက်ခဲ့သူ တစ်ဦးက ပြောပါတယ်။
လတ်တလော တံတားကျော်သွားတဲ့ ကားတွေကိုလည်း ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာက စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းခွင့် မပေးသေးတာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးနေပြီး မဘိမ်း၊ မိုးမိတ်၊ မိုင်းလုံနဲ့ ကျောက်မဲမြို့ကနေ မှာယူနေရတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်းမှာ စားအုန်းဆီ တစ်ပိဿာ ၃ သောင်းကျပ်၊ မိုးမိတ်ဆန်တစ်အိတ် ၂ သိန်းကျပ်ဝန်းကျင်နဲ့ စက်သုံးဆီ တစ်လီတာ တစ်သောင်းခွဲကျပ်ဝန်းကျင်အထိ ရှိနေပြီး တခြားကုန်ပစ္စည်းတွေလည်း အဆမတန် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
“ဈေးသည်များပေမယ့် လိုသလောက်မှ မရကြတာ။ ဝယ်စားမယ့်လူကလည်း ကုန်ဈေးနှုန်းအရ ချွေတာနေရတော့ ရောင်းမကောင်းဘူး။ ဆေးဆိုင်တွေပဲ ရောင်းကောင်းကြတယ်” လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ရဲ့ ကျောက်ဈေးတွေကိုတော့ လက်ရှိထိန်းချုပ်ထားတဲ့ TNLA က ရောင်းချခွင့် မပေးသေးသလို တအာင်းတိုင်းရင်းသား မိသားစုတွင်းက အမျိုးသား ၂ ဦး ရှိသူတွေကိုတော့ တစ်ဦးကို တပ်သားစုဆောင်းတာတွေ ရှိတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ကို ဇူလိုင်လ ၂၄ ရက်နေ့မှာ TNLA ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ မိုးကုတ်ဗျူဟာ၊ TNLA နဲ့ မြို့ခံလူထုတွေက အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်နေပြီပဲ ဖြစ်ပါတယ်။
MK-014









