မဲခေါင်၊ ဩဂုတ် ၂၀
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်း၊ Friday စတိုးဆိုင်ရှေ့မှာ Non-CDM ဝန်ထမ်း တစ်ဦးနဲ့ အရပ်သားတစ်ဦး စကားများရန်ဖြစ်ရာက ဓါးခုတ်မှု ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ရှေ့ကားကို မောင်းတဲ့ Non-CDM အရာရှိတစ်ဦးဟာ ဘရိတ်ကို ဆောင့်အုပ်လိုက်တာကြောင့် နောက်က ကပ်လိုက်လာတဲ့ အရပ်သားဆိုင်ကယ်ဟာ ဝင်တိုက်မိပြီး စကားအချေတင် ဖြစ်ရာက ဓါးခုတ်မှု ဖြစ်ပွားခဲ့တာပါ။
“ဓါးခုတ်တဲ့လူက အစိုးရဝန်ထမ်း အရာရှိကွဆိုပြီး ကြွေးကြော်နေတာ။ ဘယ်ဘက်က မှား/မှန်လဲတော့ မသိဘူး။ စကားများကြတော့ တိုက်မိတဲ့ ဆိုင်ကယ်သမားက ဟိုအရာရှိရဲ့ ကားခေါင်းကို ခြေထောက်နဲ့ ကန်တာ။ အဲဒီမှာ အရာရှိရဲ့ မိန်းမ ဗိုက်ကြီးသည်က ဝင်ရိုက်တာ။ ဝင်တိုက်တဲ့ လူက မိန်းမသားမို့ ဘာမှပြန်မလုပ်ဘူး။ အဲဒီမှာ သူ့လင်က ဓါးနဲ့ ဝင်ခုတ်တာ” လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောပါတယ်။
စကားများရန်ဖြစ်သူ အမျိုးသား ၂ ဦးဟာ အသက် ၄၀ ဝန်းကျင်အရွယ်တွေ ဖြစ်ကြပြီး ဓါးခုတ်ခံရသူကတော့ ဆေးရုံမှာ ၁၂ ချက်ချုပ်ရတယ်လို့ သိရပါတယ်။
“ကားခေါင်းကို စကန်လို့ ကြီးကြီးကျယ်ကျယ် ဖြစ်ကြတာပါ။ ကားခေါင်းဆိုတာ ကားသမားတိုင်းက ဘုရားလို ကိုးကွယ်ထားတာ” လို့ CCTV မှတ်တမ်း စစ်ဆေးသူ တစ်ဦးက ပြောပါတယ်။
လတ်တလောမှာ ဓါးခုတ်ခံရသူဖက်က ကျိုင်းတုံရဲစခန်းကို တိုင်ကြားထားပေမယ့် တစ်စုံတစ်ရာ အရေးယူမှု မရှိသေးသလို ဖြစ်စဉ်ကို အသေးစိတ် စစ်ဆေးတာမျိုးလည်း မရှိသေးပါဘူး။
ကျိုင်းတုံမြို့ဟာ စစ်ကောင်စီရဲ့ တြိဂံတိုင်းစစ်ဌာနချုပ်တည်ရှိပြီး ပြည်သူ့စစ်အဖွဲ့တွေများစွာ ရှိတာကြောင့် တရားဥပဒေဒေ စိုးမိုးမှုမရှိသလို လက်နက်လည်း အလွယ်တကူ ဝယ်ယူနိုင်တာကြောင့် စကားများ ရန်ဖြစ်ကြတိုင်း လက်နက်တွေပါ ပါဝင်လေ့ရှိတယ်လို့ စုံစမ်းသိရပါတယ်။
MK-014









