မဲခေါင်၊ ဩဂုတ် ၁၉
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေက စစ်မှုထမ်းအတွက် သိန်း ၃၀၀ ကျပ် ပို့ဆောင်ရမယ်ဆိုပြီး အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မင်္ဂလာအောင်မြေရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး တင်ဇော်၊ ရာအိမ်မှူး စိုးဦး၊ စန်းစန်းအေးနဲ့ တင်ရွှေတို့က စစ်မှုထမ်းအတွက် လူ ၅ ဦးမရရင် အိမ်တိုင်းကို ဗလာမပါ ကံစမ်းမဲ နှိုက်ခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တောင်းခံနေတာပဲ ဖြစ်ပါတယ်။
“အုပ်ကြီးထက် စန်းစန်းအေးက ပိုဆိုးနေတာ။ သူ့လင် ခင်မောင်စိုးက Non-CDM, သူ့သားနဲ့ ချွေးမက ရဲဝန်ထမ်း။ သူ့ကိုပဲ ကြောက်နေရတာ။ ခြိမ်းလားခြောက်လားနဲ့” လို့ အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
စစ်မှုထမ်း မဲနှိုက်ဖို့အတွက် အသက် ၁၈ ကနေ ၄၅ နှစ်ကြားရှိ အမျိုးသားအားလုံး ပါဝင်ပြီး လူစားထိုးအတွက် သိန်း ၃၀၀ ကို အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေ ကိုယ်တိုင် ကောက်ခံမှာ မဟုတ်ဘဲ အားလုံးစုံညီမှ လာရောက် အပ်နှံရမယ်လို့ဆိုပါတယ်။
“မိဘတွေကတော့ ငိုယိုနေကြတာပေါ့။ တစ်အိမ် ၃ သိန်းနှုန်းဆိုတော့ ဒီကာလဘယ်လွယ်မလဲ။ အုပ်ကြီးကတော့ ငွေပြည့်ရင် ဖုန်းဆက် သူလာယူမယ်တဲ့” လို့ မင်္ဂလာအောင်မြေ၊ နယ်မြေ ၃ မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
လတ်တလောမှာ သိန်း ၃၀၀ အတွက် တစ်အိမ်ဘယ်လောက် ကျမလဲဆိုတာ မသိနိုင်သေးပေမယ့် ရပ်ကွက်နေထိုင်သူ အများစုဟာ ရှိသမျှပစ္စည်းတွေ ပေါင်နှံရောင်းချပြီလို့ စုံစမ်း သိရပါတယ်။
အလားတူ ရွှေညောင်နဲ့ နီးစပ်တဲ့ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာမှာလည်း ပအိုဝ်းပြည်သူ့စစ် (PNA)က ၃ ရက်တစ်ဖြတ်နှုန်းနဲ့ စစ်သင်တန်းပေးနေပြီး ကျောက်ဂူကျေးရွာကို စစ်ကူပို့ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုံ အုပ်ကြီးတင်ဇော်နဲ့ ရာအိမ်မှူး စန်းစန်းအေး
MK-014







