မဲခေါင်၊ သြဂုတ်လ ၁၇
ရှမ်းမြောက်၊ လားရှိုးမြို့မှာ ဖေါက်ထွင်းယူနေတဲ့ သူခိုးတွေ သောင်းကျန်းနေတာကို ဖိဖိစီးစီးနိုင်နိုင်နင်းနင်း ဖမ်းဆီးအရေးယူတာမျိုးတွေ ပြုလုပ်ပေးဖို့ MNDAA ကို ဒေသခံတွေ ပြောဆိုနေကြောင်းသိရပါတယ်။
MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ သူခိုးတွေဟာ နေ့ခင်းကြောင်တောင်အုပ်စုလိုက် နေအိမ်တွေအတွင်းဝင်ရောက်ကာ ပစ္စည်းယူဆောင်နေကြတာတွေရှိနေတဲ့အပြင် အိမ်ရှင်ပြန်လာပြောတာတောင်မှ ဂရုမစိုက်တဲ့ပုံစံမျိုး မကြောက်မရွံ့ ခိုးယူ ဖောက်ထွင်းနေကြတာဖြစ်လို့သောင်းကျန်းနေတဲ့သူခိုးတွေကို ဖိဖိစီးစီး နိုင်နိုင်နင်းနင်း အရေးယူတာမျိုးတွေ ပြုလုပ်ပေးဖို့ ဒေသခံတွေ ပြောဆိုနေတာပါ။
“လားရှိုးကို သိန္နီလို့အလျင်အမြန်ကြပ်မတ်ပြုလုပ်ပေးဖို့ အထူးလိုအပ်နေပါတယ်၊ မဟုတ်ရင် လားရှိုးမှာ ပြည်သူ့ နေအိမ်အတော်များများဖောက်ထွင်းခံနေရတယ်။”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လူမှုုကွန်ရက်မှာ နားမခေါ် ကားဝင်း ရွှေမန္တလာကားဂိတ်မှာ အထည် ၁၀၀၀ ၊ ဘိနပ် အရံ ၂၀၀ ဖောက်ခံရတာတွေ ၊ လားရှိုးဘူတာစျေးအနီး အုပ်စုလိုက် ပစ္စည်းတွေ ပြောင်ခိုးနေတာတွေ၊ တွေ့ရတဲ့အပြင် ရပ်ကွက်အိမ်တွေ၊ စတိုးဆိုင်တွေ အတော်များများ ဖောက်ထွင်းခိုးယူနေကြ တာကို တွေ့ရတာဖြစ်လို့ MNDAA အနေနဲ့ သူခိုးသူဝှက်တွေပပျောက်အောင် နှိပ်ကွပ်ပေးစေလိုတယ်လို့ ပြည်သူတွေ ဆန္ဒပြုနေကြတာပါ။
“စစ်ဖြစ်လို့ ဘဝပျက်သူနဲ့ သူခိုးခိုးလို့ ဘဝပျက်သူတွေ အများကြီးဖြစ်လာနေတယ်၊ သြော် ငါ့အိမ်လေး ဆိုင်လေးတော့ ဗုံးဒဏ်မခံရ မပျက်စီးဘူးဟဲ့ ဘဝကို ပြန်စရမယ် ဆိုပြီး တွေးပြီးလာလိုက်တာ ဒီရောက်တော့ သူခိုးတွေက ခြံတံခါးနဲ့ အိမ်တံခါးတွေဖျက်ပြီး အားလုံးယူသွားတဲ့ အပြင် ကျန်တာတွေ ဖျက်ဆီးသွားကြတာ၊ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူး” လို့ မန္တလေးကို စစ်ရှောင်ပြီး ပြန်ရောက်လာသူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လားရှိုးက ကားအကောင်းစားတွေခိုးယူမောင်းနှင်ပြီး အခြားမြို့တွေကို ယူဆောင်ရောင်းချတာတွေရှိနေသလို ပိုင်ရှင်တွေက အွန်လိုင်းမှာသတိပေးနေသလို လားရှိုးမှာ သူခိုးစျေးတန်းလဲ ပေါ်ပေါက်လာပြီး အိုးခွက်၊ ပန်းကန်၊ မွေ့ယာနဲ့ အိမ်သုံးပစ္စည်းမျိုးစုံရောင်းချနေတာတွေလည်း ရှိလာနေတယ်လို့ သိရပါတယ်။
MNDAA ကတော့ မြို့ထဲကင်းလှည့်နေတာအပြင် သူခိုးတွေကို ပညာပေးပြန်လွှတ်နေတာတွေ ပြုလုပ်နေပေမယ့် လက်ရှိအနေအတားမှာ သူခိုးတွေက မကြောက်လို့ သိန္နီမြို့မှာတုန်းကလို ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အရေးယူမှုတွေ ပြုလုပ်ပေးမှ သူခိုးရန်ကင်းပျောက်မှာဖြစ်လို့ ပြည်သူတွေက MNDAA ကို နိုင်နိုင်နင်းနင်း ဆောင်ရွက်စေချင်နေကြကြောင်း ဆန္ဒပြုနေကြတယ်လို့ သိရပါတယ်။
MK-012








