မဲခေါင်၊ သြဂုတ် ၁၆
ရှမ်းမြောက်၊ လားရှိုးမြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့် MNDAA နဲ့ တပ်ပေါင်းစုဟာ စစ်ကောင်စီရဲ့ မိသားစုဝင်တွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်မှာ ၁၈၅ ဦး ထပ်မံပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူလိုက်ပါလာခဲ့တဲ့ တပ်မိသားစုဝင်ကို ပြန်လွှတ်ပေးရာမှာ လူဦးရေ ၂၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်၊။
လက်ရှိအချိန်ထိ MNDAA နဲ့ မဟာမိတ်တပ်ပေါင်းစုက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် တွေကို ပြန်လွှတ်တဲ့နေရာမှာ ၇ သုတ်ခွဲပြီး ပြန်လွတ်ပေးခဲ့တာလို့ သိရပါတယ်။
ယခင်အသုတ်လိုက် ပြန်လွှတ်စဉ်က ရှမ်းပြည်တိုးတက်ရေးပါတီSSPP တပ်ဖွဲ့နဲ့ ညှိနှိုင်းပြီးစစ်ကောင်စီတပ်သား သုံ့ပန်းတွေနဲ့ မိသားစုတွေကို ပြန်လည် လွှဲပြောင်းပေးခဲ့တာလို့သိခဲ့ပါတယ်။
လက်ရှိမှာ MNDAA ဟာ စစ်ကောင်စီတပ်က အလင်းဝင်လက်နက်ချသူတွေကို ကြေညာထားတဲ့အတိုင်း ဆုငွေတွေပေးတာ၊ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို ကုသစောင့်ရှောက်ပေးပြီး စစ်ကောင်စီထံ ပြန်အပ်တာတွေ ပြုလုပ်နေပါတယ်။
MK-012








