မဲခေါင်၊ ဩဂုတ် ၁၅
ကရင်နီပြည်မှာ ဘဏ်စနစ်ပြိုလဲပြီး ငွေသားရှားပါးလာမှုကြောင့် ဘဏ်အကောင့်ထဲကို ငွေသွင်းသူတွေဟာ ရာခိုင်နှုန်းပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ရှမ်းတောင်အစပ်နဲ့ ကရင်နီပြည် တစ်ခုလုံးမှာ ဘဏ်တွေ မဖွင့်နိုင်သေးတာကြောင့် ငွေသွင်းသူတွေဟာ နေရာအနေအထားပေါ် မူတည်ပြီး ၂ ရာခိုင်နှုန်းအထိ ပေးနေရတာပါ။
“အရင်က ထုတ်တာပဲ ပေးရတာ။ အခုက ပြန်တဲ့သူများလာတာနဲ့ စီးပွားရေးလုပ်တဲ့ သူများလာတော့ ငွေလွှဲတွေက လိုလာတာနဲ့ ရာခိုင်နှုန်းတောင်းလာကြတာ” လို့ ငွေသွင်း/ထုတ် နေ့စဉ်ပြုလုပ်နေသူ တစ်ဦးက ပြောပါတယ်။
ဩဂုတ်လအတွင်း ကရင်နီပြည်မှာ Star Link ဖွင့်ထားတဲ့ ဆိုင်တွေက ငွေသွင်း/ထုတ် လုပ်ငန်းတွေကိုပါ တွဲရက်လုပ်ကိုင်လာကြပြီး လတ်တလောမှာတော့ ကမ္ဘောဇဘဏ်အကောင့် အပါအဝင် KBZ Pay နဲ့ Wave Pay ကိုပဲ ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
“ထုတ်တဲ့သူတွေက တောင်ကြီးလမ်းကြုံရင် တက်ထုတ်ပြီး ဒီကဆိုင်တွေကို ပြန်ရောင်းပေါ့။ ဒီကဆိုင်တွေက တစ်ဆင့် မြို့ခံတွေကို ပြန်ရောင်းပေါ့။ တချို့လည်း ကားသမားကို ထုတ်ခိုင်းပေါ့။ ရာခိုင်နှုန်းက ဘာနေနေ ပေးရတယ်” လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်မှာ ငွေထုတ်ယူနှုန်းအနေနဲ့ လွိုင်ကော်မှာ ၄ ရာခိုင်နှုန်းဝန်းကျင်နဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘော်လခဲတို့မှာ ၂၀ ရာခိုင်နှုန်းအထိ အများဆုံးပေးရတယ်လို့ စုံစမ်းသိရပါတယ်။
MK-015








