မဲခေါင်၊ ဩဂုတ် ၁၅
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ ဈေးလာဝယ်တဲ့ အရပ်သား ၃ ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးငွေညှစ်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဆီဆိုင်မြို့နယ်၊ လွယ်ခြယ်ရွာနေ အမျိုးသား ၃ ဦးကို ဩဂုတ်လ ၁၀ ရက်နေ့က ဈေးဝယ်ပြီး ပြန်ထွက်လာတဲ့အချိန် မြို့ဝင်စစ်ဆေးရေးဂိတ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“အရက်တွေ့လို့ ဖမ်းတယ်ပြောတာပဲ။ သူတို့က ပြန်ရောင်းဖို့ ဝယ်တာလည်း မဟုတ်ဘူး။ ပြန်ရောင်းရအောင်လည်း မများဘူး။ သက်သက် ပိုက်ဆံလိုလို့ လုပ်တာ” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အရက်ပုလင်း အပါအဝင် ကုန်ပစ္စည်းတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့အပြင် ဖမ်းဆီးခံရသူ ၃ ဦးကိုလည်း ဆီဆိုင်ရဲစခန်းမှာ ၃ ည ချုပ်ထားပြီး ဩဂုတ်လ ၁၃ ရက်နေ့မှာ ငွေကျပ် ၃ သိန်းနဲ့ ပြန်ရွေးခဲ့ရတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့အဝင်ဂိတ်မှာ အရင်ကလို ပအိုဝ်းပြည်သူ့စစ်(PNA)အစား စစ်ကောင်စီရဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့နဲ့ အစားထိုးထားပြီး လာသမျှလူတွေကို ငွေညှစ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။
ဆီဆိုင်မြို့နယ်ကို နယ်မြေစိုးမှုရလာတာနဲ့အမျှ စစ်ကောင်စီတပ်နဲ့ PNA ဟာ ဆီဆိုင်ကျေးရွာဘက်က အမျိုးသားတွေကို စစ်သင်တန်းမပေးဘဲ ပေါ်တာဆွဲ ရှေ့တန်းပို့တာ၊ စစ်သင်တန်း ၃ ရက်သာ တက်ခိုင်းပြီး ရှေ့တန်းပို့တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
covid ကာလ ပုံဟောင်းအသုံးပြုထားပါတယ်
MK-014








