မဲခေါင်၊ သြဂုတ် ၁၄
ရှမ်းတောင် ၊ ဟိုပုံးမြို့မှာ မြေယာဝယ်ယူသူတွေ များပြားလာပြီး ကျပ်ငွေစျေး အဆမတန်ကျဆင်းတာကြောင့် ငွေကို ကိုင်မထားချင်တဲ့သူတွေက မြေတွေဝယ်နေကြလို့ မြေစျေးတွေ ကောင်းနေတယ်လို့ မြေယာပွဲစားတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။
သြဂုတ်လ ပတမပတ်အတွင်းက စပြီး ဟိုပုံးမြို့နဲ့ဝန်းကျင်က မြေတွေ ဝယ်ယူသူတွေများလာနေတယ်လို့ မြေယာရောင်းဝယ်သူတွေထံက သိရပါတယ်။
“အရောင်းအဝယ်များတယ်၊ မြို့မြေဆို ထောင်အောက်မရှိဘူး၊ သူ့နေရာနဲ့သူ့အလိုက် စျေးတော်တော်များလာတယ်၊ အနောက်ရပ်ဆို ၁၅၀၀၊ ၂၀၀၀ အနဲဆုံး ၊ ရွာမြေဆို ရာဂဏာန်း ကနေ ထောင်ဂဏာန်းလောက် သူ့အကျယ်နေရာအလိုက်ရှိတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အရင်က တောင်ကြီးမြို့ကနေ ကားနဲ့ မိနစ် ၃၀ ခန့်သာမောင်းရတဲ့ ဟိုပုံးမြို့နဲ့ အနီးဆုံး ကုန်းသာရွာမြေ ပေ ၄၀×၁၂၀ ကို ကျပ်သိန်း ၂၅၀ ရှိရာက ခေါ်စျေး ၃၀၀ ခန့်ဖြစ်လာတယ်လို့ ပြောပါတယ်။
ဟိုပုံး တိုးဂိတ်အောက် ၂ ဧက ခန့်မြေကို အရင် ကျပ်သိန်း ၂၀၀၀ ရှိရာက ၂၅၀၀ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဟိုပုံးမြို့ပေါ် ၆ ရပ်ကွက်ဖြစ်တဲ့ အရှေ့ရပ်၊ တောင်ရပ်၊ အနောက်ရပ်၊ မြို့ဦး၊ ဟိုခိုနဲ့ နောင်ဖားဖာ ရပ်တွေမှာတော့ အရင် သိန်းရာဂဏန်းပေါက်တဲ့ မြေကွက်တွေမှာ လက်ရှိမှာ ထောင်ကျော်ရောက်လာတယ်လို့ ပြောပါတယ်။
“ငွေက ကိုင်ထားရင်း ဆုံးရှုံးနေတာ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိလို့ ဟိုပုံးမှာ ပြီးခဲ့တဲ့ ၁ ပတ်က ကြည့်ပြီး စျေးမေးထားတဲ့ မြေကွက်လေးမေးတုန်းက ၈၀၀ တဲ့၊ ခု မရတော့ဘူး ၁၂၀၀ ဆိုလို့ စျေးညှိပြီ ပွဲခလွတ် ၁၀၀၀ ကျော်နဲ့ ဝယ်လိုက်ရတယ်၊ မြေကတော့ မရှုံးနိုင်ဘူးဆိုပြီး ရင်းရတာလေ၊ငွေကတော့ ရှုံးနေပြီ`လို့ တောင်ကြီး မင်္ဂလာဦးရပ်နေသူ ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
အိမ်ခြံမြေပွဲစားလုပ်နေသူ တစ်ဦးကမူ တောင်ကြီးမှာ ထောင်အောင်မြေ ရှားသွားပြီး ဟိုပုံးဘက်ကို စျေးကွက်ပြောင်းသွားနေတာဖြစ်လို့ ငွေကိုင်ထားသူတွေ မြေကိုင်လာကြလို့ အရောင်းအဝယ်တွေ ဖြစ်လာနေတယ်လို့ သိရပါတယ်။
မြေစျေးမှာ အလျော့အတင်းပြောတတ်ဖို့လိုပြီး ရေလွယ်၊ မီးလွယ်၊ ခြံရှင်း၊ လမ်းခင်း၊ မီးတိုင်၊ မီးသွယ်ဖို့တိုင်နဲ့ နီးတာ၊ အိမ်အသင့်ဆောက်နေနိုင်တာ၊ ကားတွေ ဝင်ထွက်သွားလာနိုင်တဲ့ လမ်းအကျယ်ရှိတာ၊ စျေးနီးတာတွေနဲ့တောင်ကြီးနဲ့အနီးအဝေး၊ အဝင်အထွက်လွယ်တဲ့ မြေကွက်အခြေအနေတွေအပေါ် စျေးကစား စျေးခေါ်၊ စျေးဖြတ်၊နိုင်ကြတယ်လို့ သိရပါတယ်။
MK-012








