မဲခေါင်၊ ဩဂုတ် ၁၃
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ၂ ဦးက ထွက်ပြေးသွားတယ်လို့ စုံစမ်းသိရပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့အထဲမှာ ဖိုးသာထူး(ခေါ်) ညီညီထွန်း ဦးဆောင်လာတဲ့ အင်းလေးပျူစောထီးတပ်၊ ၂၁၂ ဆက်သွယ်ရေးတပ်၊ GE တပ်တွေ ပါဝင်ပြီး အဲဒီထဲမှာ စစ်ကောင်စီတပ်သား ၂ ဦးက ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
“စစ်တပ်က စစ်ရှုံးတော့ ပျူစောထီးနဲ့ ရန်ဖြစ်တယ်။ အဲဒါနဲ့ ရှေ့တက်ခိုင်းလို့ မကျေနပ်ဘူးဆိုပြီး ဖိုးသာထူးနဲ့ စကားများတာ။ စစ်ကောင်စီ တပ်သား ၂ ယောက်က ရွာခံတစ်ယောက်ရဲ့ ဆိုင်ကယ်ကိုလုပြေးတာ” လို့ ဖိုးသာထူးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို စစ်ကြောင်းမှူးတွေက နေရာအနှံ့လိုက်ရှာနေပြီး တွေ့ရင် အကြောင်းကြားပေးဖို့ ပြည်သူတွေကို မှာကြားထားတယ်လို့ ဆိုပါတယ်။
အဲဒီရက်က လင်လန်နဲ့ ကုန်းသာကျေးရွာတို့မှာ ဖိုးသာထူးဦးဆောင်တဲ့ ပျူစောထီးအဖွဲ့က ဖျက်ဆီးခဲ့တဲ့ စက်လှေပေါင်း ၅ စီးအထိ ရှိပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ ရွာခံ ဖိုးတုတ်ရဲ့ ဆိုင်ကယ်ကို လုယူသွားတယ်လို့ သိရပါတယ်။
စံကားဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အရင်ကလည်း မကြာခဏ တပ်ပြေးတွေ ရှိပြီး ၁၀ ဦးကျော်ခန့်က တော်လှန်ရေးအင်အားစုဖက်ကို လာရောက်ခိုလှုံခဲ့ကြတယ်လို့ ရှမ်းတောင် တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
MK-012








