မဲခေါင်၊ သြဂုတ် ၁၃
သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၂၅ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (Internatioal Youths Day) နေ့ လူငယ်စကား၀ိုင်းကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်-မြေပြန့်တပ်ဖွဲ့ (PPDF-KK ) အဖွဲ့ထံက သိရပါတယ်။
ယင်းနေ့မှာပဲ ကျရောက်တဲ့ ၇၄ နှစ်မြောက် ကရင့်အမျိုးသားနေ့ အထိမ်းအမှတ်ကိုပါ ပူးတွဲကျင်းပခဲ့တာလို့ ယင်းအခမ်းအနားမှာပါဝင်ခဲ့တဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ရဲ့ တွဲဘက်အတွင်းရေးမှူး က ပြောပါတယ်။
“ကရင့်အာဇာနည်တွေဖြစ်တဲ့ စောဘဦးကအစ ကျဆုံးကွယ်လွန်ခဲ့ကြပြီဖြစ်တဲ့ တော်လှန်ရေးရဲဘော်တွေကို သတိရအောက်မေ့ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ကြပြီး တော်လှန်လူငယ်တွေရဲ့ စကားဝိုင်းကို ကျင်းပခဲ့တာဖြစ်ပါတယ်၊ ပြည်ထောင်စုမျှော်မှန်းချက်နဲ့စံတန်ဘိုးတွေ၊ အနာဂတ်နိုင်ငံလမ်းပြမြေပုံတွေကို ဆွေးနွေးကြသလို စစ်အာဏာရှင်ပြုတ်ကျပြီးကာလ အသွင်ကူးပြောင်းရေး ဒါမှမဟုတ် နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးကာလမှာ လူငယ်တွေ ထိခိုက်နစ်နာပေးဆပ်စွန့်လွှွတ်ခဲ့ရတဲ့ ဘဝတွေ၊ အိပ်မက်တွေ ကို ပြန်လည်ကုစားပေးနိုင်တဲ့ မူဝါဒ အစီအမံတွေ အမြန်ဆုံးပေါ်ပေါက်ဖို့ တိုက်တွန်းပန်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်” လို့ PNFC တွဲဘက်အတွင်းရေးမှူး ခွန်ဝေထူးက မဲခေါင်ကို ပြောပါတယ်။
အခြား တော်လှန်လူငယ် ၁ ဦးကမူ “ကျုပ်တို့ အာမခံနိုင်တာက Generation Z လူငယ်တွေ မကုန်သေးသရွေ့ ခင်ဗျားတို့ အာဏာရှင်တွေ အုပ်ချုပ်ခွင့်မရစေရဘူး” လို့ပြောပါတယ်။
အဆိုပါစကားဝိုင်းကို မနေ့သြဂုတ်လ ၁၂ ရက် ၊ နေ့လည် ၁ နာရီက ညနေ ၆ နာရီထိ ၂ ပိုင်းခွဲကာ တော်လှန်နယ်မြေ တစ်နေရာမှာ လူငယ် ၂၀ ခန့်နဲ့ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီ ချာတာ ပါ အချက် ၄ ချက်ကို ထပ်ဆင့်ဆွေးနွေးထောက်ခံတာ၊ ပြည်ထောင်စုမျှော်မှန်းချက်နဲ့ စံတန်ဘိုး အချက် ၇ ချက်ကို အသေးစိတ်ဆွေးနွေးတာ၊ တော်လှန်ရေးကာလအတွင်း တော်လှန်နယ်မြေ၊ အကျဉ်းထောင်တွေနဲ့ မြို့ပြလှုပ်ရှားမှု တွေစတဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရင်း အသက်တွေ၊ ဘဝတွေ စွန့်လွှတ်သွားကြတဲ့ လူငယ်အာဇာနည်တွေနဲ့ အသက်ရှင်ကျန်ရစ်ပြီး ပေးဆပ်မှုတွေအရ ပျောက်ဆုံးသွားတဲ့ လူငယ့်ဘဝ အိပ်မက်တွေ ကို အာမခံချက်ရှိတဲ့ကုစားနိုင်ရေးတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ယခုနှစ်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့(Internatioal Youths Day) နေ့ ဆောင်ပုဒ်ကတော့ From Clicks to Progress Digital Pathways for Sustainable Development စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေးဖြစ်ကြောင်း သိရပါတယ်။
MK-012












