မဲခေါင်၊ ဩဂုတ် ၁၀
တာချီလိတ်မှာ အနယ်နယ်အရပ်ရပ်က စစ်ဘေးသင့်ပြည်သူတွေ ရွှေ့ပြောင်းလာရောက်နေထိုင်မှု များပြားလာပေမယ့် အလုပ်အကိုင်ရှားပါးပြီး လုပ်ခလစာနည်းပါးတာကြောင့် အခက်အခဲတွေ့ကြုံနေရတယ်လို့ သိရပါတယ်။
နယ်စပ်ဒေသဖြစ်တဲ့အတွက် အလုပ်အကိုင်ပေါများမယ်ထင်ပြီး တာချီလိတ်ကို လာရောက်အလုပ်လုပ်ကိုင်တဲ့ လူငယ်တွေအနေနဲ့ နေအိမ်အခန်းငှါးခဈေးကြီးတာနဲ့ လုပ်ခလစာနည်းပါးတာတွေကြောင့် အခက်အခဲတွေ့ကြုံနေရတာပါ။
“ရတဲ့လစာက ဘတ် ၅ ထောင်မပြည့်ဘူး အခန်းခက တစ်လကို ရေဖိုး မီးဖိုး အပါအဝင် ဘတ် ၄ ထောင်လောက်ပေးရတော့ လကုန်ရင် တပြားမှမကျန်ဘူး အိမ်ကို ပြန်ပို့ဖို့ နေနေသာသာ တစ်ချို့လတွေပြန်တောင်းနေရတယ်။”လို့ စားပွဲထိုးလုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။
ပြည်တွင်း စစ်ဘေးဒုက္ခနဲ့ အလုပ်အကိုင်ရှားပါးတာကြောင့် တာချီလိတ်ကို လာရောက်အလုပ်လုပ်ကိုင်တဲ့ လူငယ်တွေများပြားပေမယ့် အလုပ်အကိုင်ရှားပါးပြီး လစာနည်းနေတာပါ။ အခြေခံလစာအနေနဲ့ ထိုင်းဘတ် ၃ ထောင်မှ လုပ်ငန်းခွင် ရာထူးအလိုက် ဘာသာစကားကျွမ်းကျင်မှုအလိုက် ဘတ် ၁ သောင်းကျော်ရရှိတယ်လို့သိရပါတယ်။
တာချီလိတ်မှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့သူတွေအနေနဲ့ လစာကောင်းမွန်ဖို့ ဘာသာစကားအခက်အခဲ ဖြစ်ပေါ်နေပြီး အခြေခံ လုပ်ငန်းတွေဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်၊ ဈေးရောင်းနဲ့ စားပွဲထိုးလုပ်ငန်းတွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေတယ်လို့သိရပါတယ်။
“ရိုးရိုးအလုပ်က ရှာရအတော်ခက်တယ် လစာကလဲ တစ်ယောက်တည်းလုပ်ရင် ဘယ်လိုမှမလောက်ဘူး KTV တို့ အပျော်မယ်အလုပ်တွေကတော့ ပေါ်ပါတယ်။ အဓိက ထိုင်းနဲ့ တရုတ်စကားတတ်မှအဆင်ပြေတာ တစ်ချို့ဆို အလုပ်မရလို့ ပြန်သွားကြတဲ့သူတွေလဲရှိတယ်”လို့ အလုပ်အကိုင်ကူညီရှာဖွေရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နိုင်ငံအနှံ့အပြားက လာရောက်အလုပ်လုပ်ကိုင်သူတွေအနေနဲ့ “ဝ”ဒေသက မိုင်းပေါက်၊ ပန်ဆန်းနဲ့ မိုင်းလားမြို့တွေအပြင် ရွှေတြိဂံဒေသက လာအို ကာစီနိုမြို့တောနဲ့ တာချီလိတ်မြို့တွေမှာ လုပ်ငန်းမျိုးစုံမှာ အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
MK-012








