မဲခေါင်၊ ဩဂုတ် ၆
ကရင်နီပြည်၊ လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်မှာ မြေမြုပ်မိုင်း အန္တရာယ်ကြောင့် ဝင်ထွက်ခွင့်ပိတ်ထားတာကို အကြောင်းပြုပြီး သူခိုးတွေ ဝင်ရောက်ခိုးယူနေတယ်လို့ ရပ်ကွက်ချင်း နီးစပ်တဲ့ မြို့ခံတွေဆီက သိရပါတယ်။
ပန်ကန်းရပ်ကွက်မှာ လတ်တလော တိုက်ပွဲ ငြိမ်သက်နေပေမယ့် မြေမြုပ်မိုင်း အန္တရာယ် မရှင်းလင်းရသေးတာကြောင့် စစ်ကောင်စီက ရပ်ကွက်နေ ပြည်သူတွေကို ဝင်ခွင့်ပိတ်ထားတာဖြစ်ပါတယ်။
“စစ်ကောင်စီက ရပ်ကွက်ထဲနေတဲ့သူတွေကိုတော့ ပေးမဝင်ဘူး သူခိုးတွေဝင်ခိုးနေတာကိုလဲ ဖမ်းဆီးတာတွေမလုပ်ဘူး၊ သူခိုးကို တရာဝင် ဝင်ခိုးခွင့်ပြုထားသလို ဖြစ်နေတယ်။” လို့ ပန်ကန်းရပ်ကွက်ကနေ တိမ်းရှောင်နေသူ တစ်ဦးက ပြောပါတယ်။
ဩဂုတ်လ ပထမအတွင်း သူခိုးတွေကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်း ဖမ်းဆီးပြီး စစ်ကောင်စီတပ် လက်ထဲကို အပ်နှံခဲ့ပေမယ့် လုံခြုံရေး အကြောင်းပြပြီး ပြန်လွှတ်ပေးခဲ့တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
ပန်ကန်းရပ်ကွက်မှာ ဖုန်းနဲ့ လျှပ်စစ်မီးလည်း ပြတ်တောက်နေပြီး စစ်ကောင်စီတပ်ကလည်း သူခိုးတွေနဲ့ ပူးပေါင်းထားသလို တော်လှန်ရေး အင်အားစုတွေဖက်ကလည်း မကြာခဏ လူစုဆောင်းမှုတွေကြောင့် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ ရှိပါတယ်။
“ပေးမဝင်လို့ ပြန်လှည့်လာရတယ်။ တော်လှန်ရေးဖက်ကတော့ သတိပေးတာပဲ ရှိတယ်။ အတင်းပြန်ချင်တဲ့ သူဆိုရင် မတားပါဘူး။ လုံးဝပေးမဝင်တာက စစ်တပ်” လို့ ရပ်ကွက်ချင်း နီးစပ်သူတွေက ပြောပါတယ်။
ပန်ကန်းရပ်ကွက်မှာ သူခိုးတွေ သောင်းကျန်းနေတဲ့ အကြောင်းကို တော်လှန်ရေး အင်အားစုတွေနဲ့ မြို့ခံတွေက လူမှုကွန်ယက်စာမျက်နှာ (Facebook)မှာ ရေးသားဖော်ပြနေကြနေကြသလို စစ်ကောင်စီ ထောက်ခံသူတွေကလည်း တော်လှန်ရေး အင်အားစုတွေက လုပ်ဆောင်တယ်လို့ ဝါဒဖြန့်နေကြပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့က ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း၊ နောင်ဝိုးတို့ဘက်ကနေ စစ်ကြောင်း ထိုးလာတဲ့ အင်အား ၅၀၀ ပါစစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေး အင်အားစုတွေကြား ပန်ကန်းရပ်ကွက် အပါအဝင် မှိုင်းလုံး၊ ရွာတန်းရှည် စတဲ့ ရပ်ကွက်တွေမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
MK-014








