မဲခေါင်၊ ဩဂုတ် ၅
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဩဂုတ်လပထမအပတ် ရက်ပိုင်းတွေအတွင်း စက်သုံးဆီမှောင်ခိုရောင်းချသူ အဆမတန်များနေပြီး ဈေးနှုန်း ၂ ဆကျော် မြင့်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လူမှုကွန်ယက်စာမျက်နှာ (Facebook) ပေါ်က တောင်ကြီးမြို့နဲ့ သက်ဆိုင်တဲ့ Group (အစုအဖွဲ့) တွေမှာ ပေါ်ပေါ်တင်တင် ရောင်းချနေပြီး ဈေးနှုန်းအနေနဲ့ ၇,၀၀၀ – ၁၀,၀၀၀ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေတာပါ။
“ဘယ်နှစ်လီတာလဲတော့ မသိဘူး။ ၁၀ ပိဿာတစ်ပုံးကို ၁၃၀,၀၀၀ တဲ့။ တောင်ကြီးသားများ စုစည်းရာမှာ ရောင်းနေတာ” လို့ Group member ဝင်ထားသူတစ်ဦးက ပြောပါတယ်။
မြို့တွင်း ရပ်ကွက်ပေါင်းစုံမှာ မှောင်ခိုရောင်းချနေကြပြီး အကန့်အသတ်မရှိ ဝယ်ယူနိုင်တဲ့အပြင် အိမ်အရောက်ငွေချေ စနစ်နဲ့လည်း ရောင်းချနေကြတယ်လို့ ဆိုပါတယ်။
မှောင်ခို ရောင်းချသူများလာတာကြောင့် ငွေကြေးအဆင်ပြေသူတွေကသာ စက်သုံးဆီ မတန်တဆ ဝယ်ယူသိုလှောင်နေပြီး အခြေခံလူတန်းစားတွေအတွက် သုံးစရာမရှိတော့တဲ့ အနေအထား ဖြစ်လာနိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ပါတယ်။
“မှောင်ခိုကို ပိတ်ရမှာလေ။ အပြင်မှာ တစ်နေကုန် တန်းစီရတယ်။ မှောင်ခိုက လိုသလောက်ရတယ်ဆိုတော့ ဆိုင်နဲ့ပေါင်းထားလို့ပေါ့ ရှင်းနေတာပဲ။ နေ့တိုင်းတန်းစီပြီး ပီပါနဲ့ ပြန်ရောင်းဖို့အထိမှ မရနိုင်တာ” လို့ နေ့တိုင်းနီးပါး စက်သုံးဆီတန်းစီ ဝယ်ယူနေသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ တောင်ကြီးမြို့တွင်းမှာ ဗိုလ်ချုပ်လမ်းမကြီး အလယ်ကဆိုင်၊ ပြည်တော်သာရပ်ကွက် နှင်းဆီလမ်းကဆိုင်နဲ့ တောင်ကြီးမြို့ထွက်က ဆိုင် ၂ ဆိုင်တို့မှာ တစ်လီတာနှုန်း ၉၂ = ၂၇၃၅ ကျပ်၊ ၉၅ = ၂၈၀၀ ကျပ်ဈေးတွေနဲ့ အသီးသီး ရောင်းချနေပြီး မနက် ၂ နာရီခန့်ကတည်းက တန်းစီဝယ်ယူရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဆန်ဈေး၊ ရွှေဈေးတက်ရောင်းကြတဲ့ ကုန်သည်တွေကို မကြာခဏ ဖမ်းဆီးအရေးယူနေပေမယ့် မှောင်ခိုဓါတ်ဆီရောင်းချသူတွေကိုတော့ တစ်စုံတစ်ရာ အရေးယူတာမျိုး မတွေ့ရသေးပါဘူး။
MK-015








