မဲခေါင် ၊ သြဂုတ် ၅
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သြဂုတ်လ(၃) ရက်က သိမ်းပိုက်လိုက်နိုင်တဲ့အတွက် ညီနောင်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF တို့က လွန်စွာအားရနှစ်သက်ပြီး ဝမ်းသာဂုဏ်ယူတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ကိုးကန့်တပ် MNDAA နဲ့ တအောင်းတပ် TNLA တို့ ဦးဆောင်ပြီးတော့ လားရှိုး(ရမခ) ကို သြဂုတ် ၃ ရက်က သိမ်းယူလိုက်တာကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ ခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း အောင်မြင်မှုတွေအတွက် ဂုဏ်ပြုခဲ့ပြီးတော့ အောင်ပွဲတွေဆက်လက်ရရှိဖို့ ဆန္ဒပြုခဲ့ပြီး ညီနောင်တော်လှန်ရေးအဖွဲ့များကလဲ ဟန်ချက်ညီစွာနဲ့ အာဏာသိမ်းစစ်တပ် ပြိုလဲတဲ့အထိ ဆက်လက်တိုက်ပွဲဝင်မယ်လို့ သံဋိဌာန်ပြုတယ်လို့ ပြောပါတယ်။
အခုအောင်ပွဲက စစ်ကောင်စီပြိုလဲရေးမှတ်တိုင်တစ်ခုအဖြစ် အရေးပါသလို အာဏာရှင်စနစ်တွေကို ဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် နိုင်ငံရေးစစ်ရေး ဟန်ချက်ညီတဲ့ လုပ်ငန်းစဥ်နဲ့ လူထုလိုလားတဲ့ စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အတူတိုက်ပွဲဝင်မယ်လို့ သဘောထား ထုတ်ပြန်ပြောဆိုပါတယ်။
KNUနဲ့ CNF က တပ်အသွင်ပြောင်းကြံခိုင်ရေးအစိုးရလက်ထက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် အခုအချိန်မှာတော့ စစ်ကောင်စီပြိုလဲဖို့ KNPP နဲ့အတူ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
CJ – 015










