မဲခေါင်၊ ဩဂုတ် ၂
တာချီလိတ် နယ်ခြားကော်မတီမှာ တာဝန်ထမ်းဆောင်သူ မဟုတ်တဲ့သူတွေနဲ့ လုပ်ငန်းရှင်တချို့ကားတွေမှာ နယ်ခြားကော်မတီ TBC တံဆိပ်တပ်ပြီး ၂နိုင်ငံ အတားအဆီးမရှိ သွားလာနေတယ်လို့ ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။
ထိုင်း-မြန်မာ ၂ နိုင်ငံနယ်စပ် မြို့နယ်အဆင့် အာဏာပိုင်အချင်းချင်း ဆက်ဆံရေးအတွက် နယ်ခြားကော်မတီကို ဖွဲ့စည်းထားရာ တာချီလိတ်မြို့က လုပ်ငန်းရှင်အချို့က လုပ်ငန်းတာဝန်မရှိဘဲ ကားတွေမှာ နယ်ခြားကော်မတီ TBC တံဆိပ်ကပ်ပြီး အတားအဆီးမရှိ ဖြတ်ကူးနေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်က TBC ကား တစ်စီး၊ ၂စီးလား ဒါဘဲတွေ့တာ အခုက လုပ်ငန်းရှင်တွေက ပိုင်ရာဆိုင်ရာနဲ့ပေါင်းပြီး ကားမှာ TBC တံဆိပ်တပ်ပြီး တံတားကူးနေကြတာ။ အစစ်အဆေးမရှိတော့ ကားပေါ်ဘာတွေတင်လို့တင်မှန်းမသိဘူး။ တခုခု မိရင် နိုင်ငံဘဲသိက္ခာကျတာ”လို့ သူကပြောပါတယ်။
နယ်ခြားကော်မတီကို ၂နိုင်ငံ အစိုးရအမှုထမ်းတွေနဲ့ဖွဲ့စည်းထားပေမယ့် မြေပြင်မှာ ၂နိုင်ငံ ထောက်ခံစာကအစ လိုအပ်တဲ့ အကူအညီကို နိုင်ငံဝန်ထမ်းအဖြစ် တရားဝင်ခန့်အပ်ထားခြင်းမရှိတဲ့ ဘာသာပြန်သူ ဦးဘိုလေးကဦးဆောင်ပြီး လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။
အခုနောက်ပိုင်း နယ်ခြားကော်မတီ(TBC)တံဆိပ်ကပ်ပြီး သွားလာနေတာဟာ ဌာနဆိုင်ရာနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ လုပ်ငန်းရှင်တစ်ချို့ဖြစ်ပြီး ဒီလုပ်ရပ်ဟာ တရားမဝင်ဘူးလို့ ဝန်ထမ်းဟောင်း တစ်ဦးက ပြောပါတယ်။
နယ်ခြားကော်မတီကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှုးနဲ့ တပ်ဖက်က အရာရှိတစ်ဦးခေါင်းဆောင်ပြီး မြို့နယ်အဆင့် နယ်စပ်ဧရိယာတစ်လျှောက် အရေးကိစ္စများ နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
“အခုက TBC ကို သူတို့ချည်းဘဲ လက်ဝါးကြီးအုပ်ထားတာ မဖြစ်သင့်တော့ဘူး ဝန်ထမ်းတွေသာ ပြောင်းသွားတယ် နယ်ခြားကော်မတီကို ကိုယ်ပိုင်ကုမ္ပဏီလို အကျိုးစီးပွားသုံးနေတာ”လို့ ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
TBC ဘာသာပြန်တွေနဲ့ ပါတ်သတ်ပြီး ၂ နိုင်ငံနယ်စပ်ဂိတ်တွေကို အစစ်အဆေးမရှိ အတားအဆီးမရှိ ဖြတ်သွားခွင့်ရှိနေတာကြောင့် တာချီလိတ်မြို့ခံတွေက ထိုင်းနိုင်ငံက တရားမဝင်ငွေကြေးသယ်ဆောင်တာ၊ မူးယစ်ဆေးဝါး၊ တရားမဝင်လူသယ်တာတွေလုပ်နေတယ်လို့ ဝေဖန်မှုတွေလဲရှိနေတာပါ။
MK – 002








