မဲခေါင်၊ သြဂုတ် ၁
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆိုက်ခေါင်ဘက်မှာ ကြီးစိုးနေတဲ့ PNO တွေက ထီလုံးဆူရွာ သူကြီးအပါအဝင် ရွာသား ၆ ဦးကို ဖမ်းဆီးကာ ထိပ်တုံးခတ်ပြီး ခြေနဲ့ကန် သေနတ်ဒင်နဲ့ရိုက်နှက်တာမျိုးတွေ လုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက် ညက ခြံကပြန်လာတဲ့ ထီလုံးဆူရွာ သူကြီးနဲ့ ရွာသား ၆ ယောက်ကို ဖမ်းဆီးပြီး ထိပ်တုံးခတ်ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။
“ရွာက ဆရာတော်တွေက လာပြီး တောင်းပန်တာကို ဘုန်းကြီးတွေကိုပါ ဆဲလွှတ်တယ်၊ ဖြားလူဆို အရိုက်ခံထားရတာ မျက်လုံးကသွေးပါထွက်တယ်၊ ကျန်သူတွေလဲ အတော်ခံကြရတယ်”လို့ ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ PNO အဖွဲ့ခေါင်းဆောင်ဟာ ဆိုက်ခေါင်က ခွန်ထွိုက်အောင်းဖြစ်ပြီး ဖမ်းဆီးရိုက်နှက်ခံရသူတွေဟာ ထီလုံးဆူရွာက ရွာသူကြီး ခွန်နေထွဉ်၊ ရွာမိရွာဖတွေဖြစ်ကြတဲ့ ရွာခေါင်းဆောင် ခွန်လှဆွေ၊ ရွာဆော် ခွန်မော်ထင်း၊ ရွာလူကြီး ဖြားလူနဲ့ ရွာသား ၂ ဦးတို့လို့သိရပါပြီး ဖမ်းခံထားရသူတွေကို ရွာက ငွေပေးရွေးမှ လွှတ်ပေးတယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင် ၂၆ ရက်ကလည်း ဆောင်းငဲင်းရွာက ခွန်တခဲကို လည်း အခုလို ဖမ်းပြီး ရိုက်ခဲ့သေးတယ်လို့ သိရပြီး ယင်း PNO အဖွဲ့ဟာပင်ညိုးရွာအနီးမှာ ခရီးသွားပြည်သူတွေထံက ဆက်ကြေးကောက်ယူမှုတွေ အခြားနေရာ၊ အခြားရွာတွေကို လှည့်လည်ပြီး ဒေသခံတွေကို တရားမဲ့ ဖမ်းဆီးရိုက်နှက် ကာ ငွေကြေးတောင်းခံမှုတွေ လုပ်နေတာလို့သိရပါတယ်။
MK-012








