မဲခေါင်၊ ဇူလိုင် ၃၁
ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေကို ဇူလိုင်လ နောက်ဆုံးပတ်အတွင်း တောင်ကြီးပြောင်းရွှေ့ပြီး တာဝန်ဆက်လက် ထမ်းဆောင်ခိုင်းနေတယ်လို့ ဌာနဆိုင်ရာ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် လာရှိုးနဲ့ ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အားလုံးရပ်ဆိုင်းနေပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အခုလို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခိုင်းနေတာပဲ ဖြစ်ပါတယ်။
“အကောင်ကြီးတွေ များတယ်။ လက်အောက်လူတွေကိုက အစောကတည်းက ကြိုပြေးထားခိုင်းတာ။ လမ်းမှာ ဘယ်နေရာမှ မရပ်လို့ ရေပဲ သောက်ခဲ့ရတယ်တဲ့။ နေ့တိုင်း ဆက်တိုက်ကို ဝင်နေတယ်။ တက္ကသိုလ်ကျူတာတွေတော့ ပါလာပြီ။ စတိတ်ကျောင်း ဆရာမတွေကိုတော့ ပြန်ပြီး နေရာပေးတာ မရှိသေးဘူး” လို့ Non – CDM သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
လားရှိုး – မန္တလေး – တောင်ကြီး လမ်းက ပိတ်ထားတဲ့အတွက် ရပ်စောက် – ကျောက်ဂူ -နမ့်လန်လမ်းပိုင်းကနေ ဝင်ရောက်လာကြပြီး MNDAA က ဂိတ်တွေမှာ စစ်ဆေးနေတာကြောင့် ဝန်ထမ်းဖြစ်ကြောင်း စာရွက်စာတမ်းတွေ အကုန်ဖျက်ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိ ရောက်လာတဲ့ Non – CDM ဝန်ထမ်းတွေကို အသစ်တိုးချဲ့ထားတဲ့ တက္ကသိုလ် ရိပ်သာဆောင်၊ ဝန်ကြီးများ စုပေါင်းရုံး၊ သက်ဆိုင်ရာ ဝန်ထမ်းအိမ်ယာတွေမှာ နေရာချထားပေးပြီး လတ်တလောမှာ ပညာရေးဌာန တစ်ခုတည်းကပဲ တာဝန်ထမ်းဆောင်ခိုင်းသေးတယ်လို့ ဆိုပါတယ်။
“လုံးဝအကောင်ကြီးတွေ ဆိုရင်တော့ တောင်ကြီးမှာ တစ်ထောက်နားပြီးမှ နေပြည်တော် ပို့နေတာ။ လားရှိုးထောင် မပွင့်ခင်ကတည်းက ထောင်ဆရာဝန် အရင်ရောက်နေတာ။ ကျောက်မဲ၊ လားရှိုး၊ လွိုင်ကော်က ဝန်ထမ်းတွေ အကုန်ရောက်နေပြီ” လို့ Non-CDM သတင်းအရင်းအမြစ် တစ်ဦးက ဆက်ပြောပါတယ်။
ကိုးကန့် တပ်မတော် (MNDAA)ရဲ့ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ ကျောင်းဆရာ၊ ဆရာဝန်၊ ယာဉ်ထိန်း၊ စွမ်းအင်လုပ်ငန်းရှင်၊ လျှပ်စစ်နဲ့ ရေပိုက်ပညာရှင် စတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေကို အထူးဒေသ ၁ ရဲ့ ဥပဒေအရ ကောင်းမွန်စွာ စောင့်ရှောက်ထားမှာ ဖြစ်ပြီး သူတို့ သဘောဆန္ဒအရ တာဝန်ထမ်းဆောင်လိုပါကလည်း ခွင့်ပြုမယ်လို့ ဖော်ပြထားပေမယ့် Non – CDM တွေဘက်က မယုံကြည်တာကြောင့် လားရှိုးတိုက်ပွဲ စတင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
MNDAA ထုတ်ပြန်တဲ့ အဲဒီရက်မှာပဲ လားရှိုးကနေ တန့်ယန်းမြို့ကို ထွက်ပြေးတိန်းရှောင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်နဲ့ လဝကရဲ့ ဦးစီးမှူးနဲ့ ဝန်ထမ်းများ၊ ကွမ်းလုံခရိုင် ဘုန်းမော်ရွှေ အပါအဝင် 2IC ဗိုလ်မှူးအများစုကို ဟိုယကျေးရွာမှာ MNDAA က ဖမ်းဆီးရမိခဲ့ပါတယ်။
MK-014








