မဲခေါင်၊ ဇူလိုင် ၃၁
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နဲ့ အနီးတဝိုက် မြို့များတွင် စက်သုံးဆီတွေ ပြတ်လတ်လို့ ဆိုင်တွေပိတ်ထားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
ယနေ့ဇူလိုင် ၃၁ ရက် မှာ တောင်ကြီးမြို့ပေါ်က BOC စက်သုံးဆီပန့်ဆိုင်တွေမှာ ဆီပြတ်လတ်နေပြီး ဆိုင်တွေပိတ်ထားလို့ ဆီတွေဝယ်မရဘူးလို့ တောင်ကြီးမြို့ပေါ်က အငှားယာဉ်မောင်းတွေထံက သိရပါတယ်။
“မနေ့ကထဲက မြို့ထဲ ဆိုင်တွေပိတ်နေတာ 92 မရဘဲ 95 တွေပဲ ရတယ်၊ ဒါတောင် ငါးသောင်းဖိုးပဲရတယ်၊ ဒီမနက်တော့ ဘယ်ဆိုင်မှ ဘာဆီမှ မရတော့ဘူး၊ မြို့ပြင်ဆိုင်တွေဘက်မှာဘဲ ထိုင်းဆီရနိုင်ပေမယ့် စျေးကြီးတယ်၊ မရရင်တော့ ဝယ်ထည့်ရမှာပဲ” လို့ အငှားယာဉ်မောင်း ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
တောင်ကြီး ပန့်ဆီဆိုင်စျေးမှာ မနေ့ဇူလိုင် ၃၀ ရက် က 92 ၁ လီတာ ၂၇၃၅ ကျပ်၊ 95 ၁ လီတာ ၂၈၀၀ ကျပ်ရှိပြီး မြို့ပြင်ထိုင်းဆီမှာ ၁ လီတာ ၅ ထောင်ကျပ်ခန့်ရှိနေတယ်လို့ သိရပါတယ်။
အောင်ပန်းမှာတော့ ဓာတ်ဆီ ၁ လီတာ ၁၈၅၅ ကျပ်ရှိနေပြီး ဆိုင်အများစု မှာ လက်ကျန်ဆီကိုသာရောင်းနေတာဖြစ်ပြီး ဆီမဝင်ပါက ပြတ်တော့မယ်လို့ ပြောပါတယ်။
တောင်ကြီးဝန်းကျင်ဖြစ်တဲ့ အေးသာယာ၊ ထုံးဘို၊ ရွှေညောင်၊ ညောင်ရွှေဘက်တွေမှာလည်း ဆီစျေးတွေမြင့်တက်နေသလို စက်သုံးဆီတွေ ပြတ်လတ်နေတဲ့အတွက် ကား၊ စက်လှေ နဲ့ လက်တွန်းထွန်းစက်တွေ ဆီမရလို့ ခရီးသွားကိစ္စအပြင် စိုက်ပျိုးရေးရာသီအတွက် ထွန်ယက်စိုက်ပျိုးမှုတွေ၊ စက်သုံးဆီသုံး စက်မှုလုပ်ငန်းတွေအားလုံးနီးပါး ဒုက္ခရောက်နေကြပြီလို့ သိရပါတယ်။
“စက်သုံးဆီ ဝယ်ရ မရပေါ် မူတည်ပြီး လက်မှတ်အရောင်း ရပ်ဖို့ မရပ်ဖို့ တိုင်ပင်နေကြတယ်၊ ရန်ကုန်၊ မန္တလေး ဘက်နဲက လမ်းပိုင်းဆိုင်တွေရဲ့ ဆီရမရ သတင်းစုံစမ်းနေဆဲပဲ၊ ဆီအခြေအနေမကောင်းဘူး၊ ရခဲ့ရင်တောင် စျေးမြင့်ရင် ကားခမြင့်လို့မရလို့ ကားထွက်ဖို့ခက်မယ်” လို့ တောင်ကြီး – ရန်ကုန်ပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်လိုင်းတစ်ခုထံမှ သိရပါတယ်။
စျေးကွက်မှာ ဒေါ်လာစျေး ၅၂၀၀ ခန့်ပေါက်နေသလို စက်သုံးဆီဝယ်ယူရန် ဒေါ်လာရှားပါးလာနေလို့ ဆီတင်သွင်းမှု နည်းပါးလာတာကပြည်တွင်း ဆီရောင်းချနိုင်မှု ခက်ခဲလာတာဖြစ်တယ်လို့ သိရပါတယ်။
MK-012








